၂၇.၅.၂၀၂၄
Translated by Htwe Ko Tun
ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာ က ၂၀၁၅ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ၌ တွေ့ ဆုံမေးမြန်းပွဲတစ်ခု၌ ပြောကြားခဲ့သည်များကိုအကြောင်းခံလျက် ထိုင်းရှေ့နေချုပ်က တော်ဝင်မိသားစုအားစော်ကားမှုနှင့် ကွန်ပျူတာရာဇဝတ်ပြစ်မှုများဖြင့်တရားစွဲဆိုသွားမည်ဖြစ်ကြောင်း မေလ ၂၉ ရက် သတင်းများက ဖော်ပြခဲ့သည်။
ရှေ့နေချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ပရာယွတ် ပက်ချာရာခွန်က ရှေ့နေချုပ် အမ်နတ် ချက်ချာရွန်ရက်က ရဲတပ်ဖွဲ့က အဆိုပြုထားသည့်အတိုင်း ပြစ်မှုနှစ်ခုလုံးဖြင့်စွဲချက်တင်သွားရန် မေလ ၂၇ ရက်တွင် ဆုံးဖြတ်ခဲ့ကြောင်း မေလ ၂၉ ရက် နံနက်၌ ပြောကြားခဲ့သည်။ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်တွင် ဆိုးလ်မြို့၌ သက်ဆင်ပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်းပွဲတစ်ခု၌ပြောကြားချက်ကို ဆုံးဖြတ်ချက်က ရည်ညွှန်းခဲ့ခြင်းဖြစ်သည်။ တဖန် အမျိုးသားလုံခြုံရေးကိုထိခိုက်စေသောအချက်များကို သက်ဆင်က ကွန်ပျူတာစနစ်သို့ဖြည့်သွင်းခဲ့ခြင်းကြောင့်လည်း ကွန်ပျူတာရာဇဝတ်မှုစွဲချက်ဖြင့် တရားစွဲရန်ဆုံးဖြတ်ခြင်းဟုလည်း ပရာယွတ် ကပြောခဲ့သည်။
သို့သော် အစိုးရရှေ့နေများက သက်ဆင်အား မေလ ၂၉ ရက်၌ပင် တရားရုံးသို့လာရန် မစီစဉ်ခဲ့ကြပေ။ အ ကြောင်းမှာ သက်ဆင်၏ရှေ့နေက သက်ဆင်တွင် ကိုဗစ်-၁၉ ဗိုင်းရပ်ကူးစက်ခံထားရသည်ဆိုသော ဆေး လက်မှတ်တစ်ခုကို တင်ပြခဲ့သောကြောင့်ဟုသိရသည်။၎င်းက တရားစွဲရန်ဆုံးဖြတ်မည့်ကြားနာချက်ကို ဇွန်လ ၁၅ ရက်သို့ရွှေ့ဆိုင်းနိုင်ရန်ကြိုးစားခဲ့ကြောင်းလည်း သိရသည်။
ပရာယွတ်၏ပြောကြားချက်အရမူ အစိုးရရှေ့နေများက သက်ဆင်အား ရှေ့နေချုပ်ရုံးသို့ ဇွန်လ ၁၈ ရက် နံနက် ကိုးနာရီတွင် တရားစွဲဆိုမှုလုပ်ငန်းစဉ်အတွက် လာရောက်ရန်အမိန့်ပေးခဲ့ကြောင်း သိရသည်။ ရှေ့နေချုပ် အမ်နတ်က ရဲတပ်ဖွဲ့၏ ဝန်ကြီးချုပ်ဟောင်းအား တရားစွဲရန် ဧပြီလ ၁၀ ရက်ကတင်သွင်းခဲ့သော အဆိုပြုချက်အား ရဲတပ်ဖွဲ့၏စုံစမ်းစစ်ဆေးမှု အစီရင်ခံစာရရှိမှုအတွက် ဆုံးဖြတ်ချက်ချရန် မေလ ၂၉ ရက်သို့ ဆိုင်းငံ့ခဲ့ခြင်းဖြစ်သည်။
ရှေ့နေချုပ်ရုံးမှသက်ဆင်အပေါ် တရားစွဲသွားမည်ဟု ကြေညာချက်ထုတ်အပြီးတွင်မူ သက်ဆင်၏ရှေ့နေကလည်း ၎င်း၏အမှုသည်အနေဖြင့် စွဲချက်များကို တုံ့ပြန်ရင်ဆိုင်သွားမည်ဖြစ်ကြောင်း၊ တရားရေးစနစ်တွင် ၎င်း၌ အပြစ်မရှိသည်ကို သက်ဆင်က ပြသသွားမည်ဖြစ်ကြောင်းပြောခဲ့သည်။
Ref- Bangkok Post