၂၉.၅.၂၀၂၄
Written by KL
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် အိမ်စီးကားများကို လိုက်လံခိုးယူနေသည့် အမျိုးသားလေးဦးပါဝင်သော ကားခိုးသည့်အဖွဲ့ကို မေလ ၂၇ ရက်နေ့က ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
တောင်ကြီးမြို့ပေါ်တွင် မော်တော်ယာဥ်တချို့ပျောက်ဆုံးပြီး ခိုးယူခံနေရသည်ကို CCTV မှတ်တမ်းများအရ တွေ့ရှိရသဖြင့် ရဲတပ်ဖွဲ့က လိုက်လံရှာဖွေဖမ်းဆီးခဲ့ရာမှ ကားခိုးသည့်အဖွဲ့ကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။
အဆိုပါကားခိုးသူများကို မေလ ၂၇ ရက်က တောင်ကြီးမြို့၊ ပလီလင်းကျေးရွာတွင် အသက် ၄၀ နှစ်အရွယ် ဦးဇော်မိုးဟိန်းနှင့် အသက် ၄၄ နှစ်အရွယ် ဦးမြင့်မောင်မောင်တို့ကို မော်တော်ယာဥ်တစ်စီးနှင့်အတူ ဖမ်းမိခဲ့ပြီး ဆက်လက်စစ်ဆေးရာမှ ၎င်းတို့ ငှားရမ်းနေထိုင်သော အေးသာယာမြို့ရှိနေအိမ်မှ အသက် ၃၆ နှစ်အရွယ်များဖြစ်ကြသော ကိုအောင်ကိုမင်းနှင့် ကိုငြိမ်းချမ်းအောင်(ခ)မောင်ကျော်တို့ကို ထပ်မံဖမ်းမိခဲ့သည်။
“သူတို့က အေးသာယာမှာ အိမ်တစ်လုံးငှားနေပြီး အနီးနားက မြို့တွေက အိမ်စီးကားတွေကို လိုက်ခိုးနေတာ။ အမျိုးသား ၂ ယောက်ကို မသင်္ကာလို့ စစ်ဆေးမေးမြန်းရင်းကနေ အဖွဲ့လိုက်ကားခိုးတဲ့အမှု ပေါ်ခဲ့တာ”ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ငှားရမ်းနေထိုင်သောနေအိမ်ကို ရဲတပ်ဖွဲ့က ရှာဖွေရာ Honda အမျိုးအစား မော်တော်ယာဥ် ၂ စီး၊ မာစတာကီး ၆ ချောင်း၊ ကားသော့မျိုးစုံ ၁၅ ချောင်း၊ ခိုးယူထားသည့် ကားများ၏ နံပါတ်ပြား ၇ ခုတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။