၂၉. ၅. ၂၀၂၄
Written by Ye Kyaw
ပြည်တွင်း၌ ဒေါ်လာဈေးနှုန်း တစ်ဒေါ်လာ ၄၄၀၀ အထိ မြင့်တက်ခဲ့ပြီး ရွှေဈေးနှုန်း အခေါက်ရွှေတစ်ကျပ်သား ကျပ် ၅၅ သိန်းကျော်သို့ ခုန်တက်ခဲ့ကြောင်း ဒေါ်လာနှင့် ရွှေအရောင်းအဝယ်လုပ်ငန်းရှင်များထံမှ သိရသည်။
တစ်အောင်စလျှင် ဒေါ်လာ ၂၄၅၀ ခန့်အထိ မြင့်တက်ခဲ့သည့် ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၂၃၅၀ သို့ ပြန်လည်ကျဆင်းခဲ့သော်လည်း ပြည်တွင်းရွှေဈေး ပြန်လည်ကျဆင်းမှုမရှိခဲ့ဘဲ ကျပ် ၅၂ သိန်းကျော်အထိ ဆက်လက်မြင့်တက်ခဲ့သည့်အပြင် မေလ ၂၈ ရက်(ယမန်နေ့) တစ်ရက်အတွင်း ကျပ်နှစ်သိန်းကျော် ခုန်တက်ကာ ကျပ် ၅,၅၂၀,၀၀၀ အထိ ထပ်မံမြင့်တက်လာခဲ့သည်။
ဒေါ်လာဈေးနှုန်းသည်လည်း မေလတတိယအပတ်အထိ တစ်ဒေါ်လာ ကျပ် ၂၁၀၀ ဝန်းကျင်ရှိခဲ့ရာ ယခုရက်ပိုင်းအတွင်း ဆက်တိုက်မြင့်တက်လာခဲ့ရာ ယနေ့တွင် တစ်ဒေါ်လာ ကျပ် ၄၄၀၀ အထိ ဖြစ်ပေါ်ခဲ့သည်မှာလည်း ပုံမှန်မဟုတ်သော ငွေကြေးဖောင်းပွမှုဖြစ်ပြီး နိုင်ငံရေးနှင့် ပတ်သက်မှုများရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက သုံးသပ်ထားမှုများရှိသည်။
“အဓိက ကတော့ ပုံမှန်မဟုတ်တဲ့ ငွေကြေးဖောင်းပွဲမှုမျိုး ဖြစ်တယ်။ ဒါက နိုင်ငံရေးနဲ့ ပတ်သက်နေတယ်။ ဒါကြောင့်မို့လို့ နိုင်ငံရေးပိုင်းဆိုင်ရာမှာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေမှာ ပြုပြင်ပြောင်းလဲဖို့လိုတယ်။ ဘဏ္ဍာရေးဝန်ကြီးကို ပြတ်ပြတ်သားသားနဲ့ တိုင်းပြည်စီးပွားရေးကို ဆွဲတင်နိုင်မယ့်ကိစ္စမျိုးမှာ ဆုံးဖြတ်ပိုင်ခွင့်ပေးဖို့လိုတယ်လို့ပဲ ပြောချင်ပါတယ်”ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက MT News သို့ ပြောထားသည်။
ပြီးခဲ့သည့် မတ်လအတွင်း ပြည်တွင်းရွှေဈေး ကျပ် ၄၁ သိန်းကျော်သာရှိရာမှ ဧပြီလတွင် ကျပ် ၄၅ သိန်းကျော်သို့ မြင့်တက်ခဲ့ပြီး မေလအလယ်မှစတင်ကာ ကျပ်သိန်း ၅၀ ကျော်သို့ ဆက်လက်မြင့်တက်ခဲ့ရာ လက်ရှိတွင် ကျပ် ၅၅ သိန်းကျော်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ထို့အတူ တရားဝင်လိုင်စင်မရှိဘဲ နိုင်ငံခြားငွေ ရောင်းဝယ်သူများ၊ အွန်လိုင်းပေါ်တွင် လေပတ်ကား ဈေးကစားသူများနှင့် သတ်မှတ်စည်းကမ်းများ မလိုက်နာသည့် Money Changer များ၊ တရားမဝင် ဟွန်ဒီလုပ်ငန်းများကို ဗဟိုဘဏ်နှင့် တာဝန်ရှိသူများက ဆက်တိုက်အရေးယူမှု ပြုလုပ်နေသော်လည်း ဒေါ်လာဈေးနှုန်းကျဆင်းလာခြင်းမရှိဘဲ ဒေါ်လာဈေး ကျပ် ၄၄၀၀ အထိ ဈေးနှုန်းဆွဲတင်မှုကို ခံနေရခြင်းဖြစ်သည်။
ယင်းကဲ့သို့ ဖြစ်သင့်သည့် ဈေးနှုန်းထက် ဆွဲတင်ထားသော ဒေါ်လာဈေးအား ပုံမှန်ဈေးနှုန်းသို့ ပြန်လည်ကျဆင်းလာအောင် မည်ကဲ့သို့ ဆောင်ရွက်ထားခြင်းနှင့် ဒေါ်လာဈေးကစားနေသူများကို မည်ကဲ့သို့ အရေးယူမှုများ ဆောင်ရွက်သွားမည်နှင့် ပတ်သက်ပြီး MT News သတင်းဌာနမှ ဗဟိုဘဏ်သို့ ဆက်သွယ်မေးမြန်းထားပြီး ဗဟိုဘဏ်မှ ဖြေကြားချက်များကို ထပ်မံဖော်ပြပေးသွားပါမည်။