November 1, 2024

၂၉. ၅. ၂၀၂၄
Written by Nay Moe

ပြီးခဲ့တဲ့ မေလ ၁၃ ရက်မှာ တာဝန်ထမ်းဆောင်ရင်းသေဆုံးသွားတဲ့ KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းနေရာကို ဗိုလ်ချုပ်အောင်ဆိုင်းလာကို အဆင့်တိုးပြီး တာဝန်ပေးခဲ့လို့ KIA စစ်ဦးစီးချုပ်အသစ်ဟာ ဗိုလ်ချုပ်အောင်ဆိုင်းလာဖြစ်လာခဲ့တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

“ဗိုလ်ချုပ်အောင်ဆိုင်းလာဟာ ယခင်ဒုစစ်ဦးစီးချုပ်တာဝန် ၉ နှစ်နီးပါးထမ်းဆောင်ခဲ့သူ ဖြစ်ပြီး စာရေးဆရာ၊ ကျောင်းဆရာ၊ နိုင်ငံရေးသမား၊ ထောက်လှမ်းရေး ညွှန်မှူးစသည့် အခန်းကဏ္ဍများ၌ ကျင်လည်ခဲ့သူဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆိုင်းလာသည် ၂၀၁၅ ဒီဇင်ဘာကတည်းက ဒုစစ်ဦးစီးချုပ်အဖြစ် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။ ထိုစဉ်က လက်ရှိ KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဂမ်ရှောင်က စစ်ဦးစီးချုပ်အဖြစ်လည်းကောင်း၊ လက်ရှိ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က ဒုစစ်ဦးစီးချုပ်(၁)၊ ကွယ်လွန်သွားသည့် ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်းက ဒုစစ်ဦးစီးချုပ်(၂)ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆိုင်းလာက ဒုစစ်ဦးစီးချုပ်(၃)အဖြစ်တာဝန်ယူခဲ့သည်။ နောက်ပိုင်းတွင် ဗိုလ်ချုပ်ဂွန်မော်က ကချင်လွတ် လပ်ရေးကောင်စီ(KIC) ဒုဥက္ကဋ္ဌ တာဝန်ယူခဲ့ခြင်းကြောင့် ဗိုလ်ချုပ်ခေါင်လွမ်းက ဒုစစ်ဦးစီးချုပ်(၁)ဖြစ်လာပါတယ်။ ၂၀၂၃ တွင် ဗိုလ်ချုပ်ကြီးဂမ်ရှောင်က စစ်ဦးစီးချုပ်တာဝန်မှ အနားယူပြီး KIO ဒုဥက္ကဋ္ဌ အဖြစ် ထမ်းဆောင်ခဲ့ရာ စစ်ဦးစီးချုပ်အဖြစ် ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်းက တာဝန်ယူခဲ့ပါတယ်။ ဒုစစ်ဦးစီးချုပ်များအဖြစ် ဗိုလ်ချုပ်အောင်ဆိုင်းလာနှင့် ဗိုလ်ချုပ်မရန်ဇော်တောင်တို့ တာဝန်ယူခဲ့စေခဲ့ပါတယ်။ ဗိုလ်ချုပ်ခေါင်လွမ်း ကွယ်လွန်သွားခြင်းကြောင့် ဒုစစ်ဦးစီးချုပ်တာဝန်ကို ၉ နှစ်နီးပါး ထမ်းဆောင်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆိုင်းလာကို စစ်ဦးစီးချုပ်အဖြစ်တာဝန်ပေးခဲ့ပြီး ယခင်ဒုစစ်ဦးစီးချုပ် (၂) ဖြစ်သူ ဗိုလ်ချုပ်မရန်ဇော်တောင်ကို ဒုစစ်ဦးစီးချုပ်အဖြစ် ခန့်အပ်လိုက်ကြောင်း သိရပါတယ်”လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ၏ မဟာဗျူဟာလေ့လာရေးမှတ်တမ်းဌာနက ပြောပါတယ်။

ဒုဗိုလ်ချုပ်ကြီးအဆင့်တိုးပြီး KIA စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်ခံရတဲ့ ယခင် ဒုစစ်ဦးစီးချုပ်(၁) ဗိုလ်ချုပ်အောင်ဆိုင်းလာဟာ ဟူးကောင်းလွင်ပြင်ရဲ့ ဇာတိသားတစ်ဦးဖြစ်ပြီး မန္တလေးတက္ကသိုလ် ဘွဲရတစ်ယောက်ပါ။ “Plasatik” ကလောင်အမည်နဲ့ ကချင်စာနယ်ဇင်းတွေမှာ စာရေးသားခဲ့ပြီး ကချင်ရိုးရာသမိုင်းအကြောင်းကိုလည်း “ဝမ်းခန့်အောင်” ကလောင်အမည်နဲ့ ဗမာလိုစာအုပ်ထုတ်ခဲ့တဲ့ စာရေးသူဖြစ်ပါတယ်။ သူဟာ တနိုင်းမြို့မှာ ကျောင်းဆရာ လုပ်ဆောင်နေရာကနေ ၁၉၈၅ ဒီဇင်ဘာမှာ KIA တပ်ထဲဝင်လာသူ ဖြစ်ပါတယ်။ KIA မှာ တာဝန်ထမ်းဆောင်ရင်း၂၀၀၄ ကနေ ၂၀၀၉ ကာလမှာ စစ်ထောက်လှမ်းရေးညွှန်မှူး၊ ၂၀၀၉ မှာ ရွေးကောက်ပွဲဝင်ဖို့ ကြိုးပမ်းတဲ့ KSPP ပါတီကို တစ်ဖက်တစ်လမ်းက ကူညီဖို့မြေပေါ် နိုင်ငံရေးမှာ ခဏပါဝင်ခဲ့ပေမဲ့လည်း ၂၀၁၁ ခုနှစ် တစ်ကျော့ပြန်စစ်ပွဲမှာ ဗဟိုဌာနချုပ်စစ်ဆင်ကွပ်ကဲရေး ဦးစီးအဖွဲ့မှာ ပြန်လည်ထမ်းဆောင်ခဲ့သူဖြစ်တယ်လို့လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ မဟာဗျူဟာလေ့လာရေးမှတ်တမ်းဌာနက ပြောပါတယ်။ (Photo – Credit)

Leave a Reply

Your email address will not be published. Required fields are marked *