October 23, 2024

၂၀. ၁၂. ၂၀၂၂
Written by Min Mahar

ယနေ့နံနက်ပိုင်းက မန္တလေးမြို့ရှိ မောသစ်ရွှေဆိုင်မှ မိသားစုများနှင့် အလုပ်သမားများ ရွှေရောင်းရန်အတွက် အိမ်မှအထွက် နေအိမ်ရှေ့တွင်ပင် သေနတ် ၅ ချက်ပစ်ဖောက်ပြီး ရွှေခြင်း ၂ ခြင်းနှင့် ကျပ်သိန်း ၁၀၀ ကျော် အနုကြမ်းစီးခံရကာ ကျပ်သိန်း ၂၇၀၀ ကျော်ဖိုး လုယက်ခံရမှု မန္တလေးတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ည) ရပ်ကွက်၊ ၆၃ လမ်းနှင့် ၆၄ လမ်းကြားရှိ မောသစ်ရွှေဆိုင် နေအိမ်ရှေ့တွင် ဒီဇင်ဘာ ၂၀ ရက်နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် ယင်းတို့၏ Surf အစိမ်းရောင်ကားဖြင့် ရွှေဆိုင်သို့သွားရောက်ရန် ရွှေဆွဲခြင်း ၃ ခြင်းတိုအား ကားပေါ်သို့ တင်ဆောင်နေစဥ် ဆိုင်ကယ်အနက်ရောင် 110 အမျိုးအစားဆိုင်ကယ်၂ စီးဖြင့် အမျိုးသားလူငယ် ၃ ဦးရောက်ရှိလာကာ သေနတ်အတိုဖြင့် မိုးပေါ်ကို ၅ ချက်ထောင်ပစ်ပြီး ရွှေခြင်း ၂ ခြင်းနှင့် မြန်မာငွေစက္ကူရောရာ ၁၀၁ သိန်းကျပ်တို့ကို အနုကြမ်းစီးလုယူထွက်ပြေးသွားကြောင်း သိရသည်။

“မနက် ၇ နာရီကျော်လောက်က ဆိုင်ကဝန်ထမ်းတွေနဲ့ ရွှေခြင်း ၃ ခြင်းကို ကားပေါ်အတင်မှာ မျက်နှာအုပ်ထားတဲ့ လူငယ် ၃ ယောက်က ဆိုင်ကယ်နှစ်စီးနဲ့ ရောက်လာပြီးတော့ သေနတ်ကို မိုးပေါ်ထောင်ဖောက်ပြီး မသေချင်ရင် တစ်ယောက်မှမလှုပ်နဲ့ပြောပြီး လမ်းပေါ်ကိုမှောက်ခိုင်းတယ်။ ပြီးတော့ ကားပေါ်တင်ဖို့ ကျန်နေတဲ့ ရွှေခြင်း ၂ ခြင်းနဲ့ ပိုက်ဆံရော ၁၀၁ သိန်းကို လုယူပြီး မောင်းပြေးသွားကြတယ်။ သေနတ်ဖောက်တဲ့တစ်ယောက်က ဆီုင်ကယ်ပေါ်ကမဆင်းဘူး။ နှစ်ယောက်စီးလာတဲ့ဆိုင်ကယ်ထဲကမှ အနောက်ကတစ်ယောက်က လုယူပြီးတော့ ဆိုင်ကယ်ပေါ်ပြေးတက်သွားတာပါ။ ပါသွားတဲ့ရွှေတွေက ၁ ပိဿာလောက်တော့ရှိမယ်”ဟု ၎င်းရွှေဆိုင်မှတာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။

အဆိုပါအနုကြမ်းစီးခံရသော ရွှေခြင်း ၂ ခြင်းထဲတွင် ခန့်မှန်းရွှေချိန် ၁ ပိဿာခန့်ရှိမည်ဖြစ်ပြီး ရွှေလက်စွပ် ၂၂၃ ကွင်း၊ ကျောက်နားကပ် ၁၉၉ ခု၊ ရွှေနားကပ် ၁၅၇ ရံ၊ ရွှေဆွဲသီး ၁၀၅ ခု၊ ကျောက်ဆွဲသီး ၂၇ ခု၊ ရွှေဆွဲကြိုး ၈၉ ကုံး၊ ရွှေကြိုးဆန်း ၁၆ ခု၊ ရွှေနားကွင်း ၄၇ ကွင်း၊ ရွှေနားဆွဲ ၁၃၈ ခု၊ တစ်ဖက်နားကပ် ၁၂၄ ခု၊လက်ကောက် ၆၁ ကွင်း၊ ဟန်းချိန်း ၃၂ ကွင်း၊ ကလစ် ၃၉ ခု၊ ဖီးချူး ၂ ခု၊ ကျောက်လက်စွပ် ၁၁၆ ခု၊(ကာလတန်ဖိုး သိန်း ၂၆၀၀ ကျပ်ခန့် )နှင့် မြန်မာငွေစက္ကူရောရာကျပ် ၁၀၁ သိန်းကျပ် ၊ စုစုပေါင်းကာလတန်ဖိုး ကျပ် ၂၇၀၁ သိန်း တို့ကို လုယက်သွားကြောင်း သိရသည်။

၎င်းအခင်းဖြစ်ရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ ၎င်းအနီးရှိ လမ်းပေါ်တွင် ကျည်ခွံ ၅ ခု တွေ့ရှိခဲ့ပြီး ကျူးလွန်သူ တရားခံဖမ်းဆီးမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

မောသစ် ရွှေဆိုင်သည် ယခုအကြိမ် လုယက်ခံရမှု အပါအဝင်အနုကြမ်းစီးခံရမှု ၃ ကြိမ်ရှိပြီဖြစ်ကာ ပထမအကြိမ်မှာ ဇူလိုင်၂၄ ရက်က ဆိုင်ကယ်တစ်စီးဖြင့်အမျိုးသား နှစ်ဦးရောက်ရှိလာပြီး မောသစ်ရွှေဆိုင်အတွင်းသို့ ဝင်ရောက်၍ ပစ္စတိုသေနတ်ဖြင့် ၃ ချက်ခန့်ပစ်ခတ်ကာ ရွှေတစ်ပိသာကျော် ယူဆောင်သွားခဲ့ခြင်းဖြစ်သည်။ ဒုတိယအကြိမ်မှာမူ အောက်တိုဘာ ၁ ရက်နေ့က ပိုင်ရှင်အား သေနတ်ဖြင့်ပစ်ခတ်ပြီး ရွှေများယူဆောင်သွားခဲ့သည့်ဖြစ်စဉ်ဖြစ်ပြီး ယခုတတိယအကြိမ်ထပ်မံလုယက်ခံရမှုတွင် ပါသွားသောတန်ဖိုးမှာ အများဆုံးဖြစ်ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *