September 20, 2024

၂၈. ၅. ၂၀၂၄
Written by Nay Moe

SAC အစိုးရကို ဦးတည်ပိတ်ဆို့သော်လည်း ပြည်သူလူထုသာထိခိုက်နေရသည့် စီးပွားရေးပိတ်ဆို့မှုများရှုတ်ချကြောင်းနှင့် ပြန်လည်ရုပ်သိမ်းပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ၂၅ ပါတီက ယနေ့တွင် ပူးတွဲသဘောထားထုတ်ပြန်ချက်ကို ကြေညာလိုက်သည်။

၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်ခဲ့သော ပြည်တွင်းပဋိပက္ခများအား အစိုးရနှင့် ပြည်သူအဖွဲ့အစည်းများက ဥပဒေနှင့်အညီဖြေရှင်းရန်ကြိုးပမ်းချိန် အစွန်းရောက် အတ္တနိုင်ငံရေးသမားများနှင့် အကြမ်းဖက်အုပ်စုများကြောင့် အပြစ်မဲ့ပြည်သူအများအပြား သတ်ဖြတ်ခံရခြင်း၊ ပုဂ္ဂလိကပိုင် ပစ္စည်းများဖျက်ဆီးခံရခြင်း၊ ပြည်သူလူထု ၏အခွန်ဘဏ္ဍာငွေများဖြင့် အချိန်ကြာမြင့်စွာ တည်ဆောက်ထားခဲ့ရသော လူမှုစီးပွားဆိုင်ရာအခြေခံအဆောက်အဦများ ပျက်ယွင်းခဲ့ရခြင်း၊ မျိုးဆက်သစ်လူငယ်များ၏ အနာဂတ်ဘဝများ ဖျက်ဆီးခံရခြင်း စသည့် ဖြစ်ရပ်များလည်း ဖြစ်ပွားခဲ့ရသည်။ အထက်ပါ ဖြစ်စဉ်များ၏ အကျိုးဆက်အဖြစ် အခြေခံလူနေမှုဘဝများ ကျပ်တည်းလာရခြင်း၊ ထိုကျပ်တည်းမှု၏ နောက်ဆက်တွဲအဖြစ် လုယက်မှု၊ ပြန်ပေးမှု၊ မီးရှို့ဖျက်ဆီးမှု၊ ခြိမ်းခြောက်မှု၊ အဓမ္မမှုများအပါအဝင် ရာဇဝတ်မှုခင်းများလည်း ပိုမိုအရှိန်မြင့်လာသည်ဟု သုံးသပ်ရမည် ဖြစ်သည်။

နိုင်ငံတော်အနေဖြင့် ပြည်တွင်းပဋိပက္ခအား ပြည်တွင်းအင်အားဖြင့် အထူးအလေးထား ဖြေရှင်းဆောင်ရွက်နေချိန်မှာပင် အင်အားကြီးနိုင်ငံအချို့နှင့် ကမ္ဘာ့အဖွဲ့အစည်းအချို့တို့က ကမ္ဘာ့မိသားစုဝင် နိုင်ငံအချင်းချင်း လူသားအချင်းချင်း စာနာမှု၊ အပြုသဘောဆောင်သော ချဉ်းကပ်လေ့လာကူညီမှု၊ နိုင်ငံတစ်နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုအား ဝိုင်းဝန်း ထိန်းသိမ်း စောင့်ရှောက်ပေးမှု စသည့် ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းတာဝန်များအစား ခေတ်အဆက်ဆက် အောင်မြင်မှုမရှိခဲ့သော ခေတ်သစ်ကိုလိုနီဝါဒ၏ ကျင့်စဉ်တစ်ရပ်ဟု ဆိုနိုင်သည့် လိုလားသူ တစ်ဖက်ဖက်သို့ တိုက်ရိုက် / သွယ်ဝိုက် နည်းလမ်းများဖြင့်အားပေးအားမြှောက်ပြုခြင်း၊ အခြားတစ်ဖက်သို့ နိုင်ငံရေး/ စီးပွာရေးအရ အကျပ်အတည်း ဖြစ်စေပြီး လိုသလို ဆွဲယူပုံဖော်စေခြင်း စသည်တို့ကို ဆောင်ရွက်နိုင်ရန်အတွက် ပိတ်ဆို့တားဆီးမှု (Sanctions)များအား နည်းလမ်းတစ်ရပ်အဖြစ် အသုံးပြု၍ ဆောင်ရွက်လာခဲ့ကြသည်။

မြန်မာနိုင်ငံအပေါ်သို့ ၁၁.၂.၂ဝ၂၁ ရက်နေ့မှ ၃ဝ.၁.၂ဝ၂၄ ရက်နေ့အထိ ချမှတ်ခဲ့သော ပိတ်ဆို့တားဆီးမှုများအား လေ့လာရာတွင် ပုဂ္ဂလိကပိုင်ဆိုင်မှုများကို ပိတ်ပင်ခြင်း၊ အစိုးရနှင့်ထောက်ပံ့ဆက်သွယ်မှုများကို ဖြတ်တောက်ခြင်း၊ လူမှုစီးပွားဘဝ ဆိုင်ရာ လုပ်ငန်းစဉ်များကို ပိတ်ဆို့ခြင်း၊ ငွေလွှဲပြောင်းမှုများအား တားမြစ်ပိတ်ပင်ခြင်း၊ ကုန်ပစ္စည်းတင်ပို့မှုများအား ကန့်သတ်တားမြစ်ခြင်း၊ ခရီးသွားလာခွင့်များ ပိတ်ပင်ခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆက်ဆံဆောင်ရွက်နေရမည့်ကိစ္စများအား ဆိုင်းငံ့ထားခြင်း၊ အထီးကျန်ဖြစ်စေခြင်း၊ ကမ္ဘာ့အဖွဲ့ အစည်းများတွင် မဲပေးခွင့်မရှိအောင် ပိတ်ပင်တားမြစ်ခြင်း၊ ကမ္ဘာ့မူပိုင်ခွင့်အစည်းအဝေးမှန်သမျှ တက်ရောက်ခွင့်ပိတ်ပင်ခြင်း စသည့် များစွာသောပိတ်ဆို့မှုများအား အချိန်ကိုက် အရှိန်မြှင့်ဆောင်ရွက်မှုများ ပါဝင်လာကြောင်း တွေ့ ရှိရသည်။

အထက်ပါ ပိတ်ဆို့မှုများသည် နိုင်ငံတစ်နိုင်ငံကို ရွေးထုတ်ဖိအားပေးခြင်း၊ လွတ်လပ်မှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ တည်ငြိမ်မှု၊ ပြည်သူတစ်ရပ်လုံး အနာဂတ်ဘဝ ငြိမ်းချမ်းသာယာစေမှု စသည့်အချက်တို့အား ရည်ရွယ်ချက်ရှိရှိ ကန့်သတ်တားမြစ်ခြင်း၊ ဘက်လိုက်ဆောင်ရွက်ခြင်းတို့ကို ဖြစ်ပေါ်စေပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်း Article (7)ပါ “တန်းတူကာကွယ်စောင့်ရှောက်မှုအစား ခွဲခြားဆက်ဆံခြင်း၊ ထိုသို့ခွဲခြားဆက်ဆံရန် လှုံ့ဆော်ခြင်းနှင့် တူညီသောကာကွယ်စောင့်ရှောက်မှုကို ခံစားစေရမည်” စသည့် ကြေညာချက်စာတမ်းပါ အချက်များအား အတိအလင်းဖောက်ဖျက်ကျူးလွန်နေကြောင်း တွေ့ရှိရသည်။

၎င်းအပြင် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း စည်းမျဉ်း Article (2) အပိုဒ်(၁)ပါ “အဖွဲ့ဝင်အားလုံး၏ အချုပ်အခြာအာဏာ တန်းတူညီမျှမှုကို အခြေခံထားသည်” ဟူသော မူကိုလည်းကောင်း၊ Article (4) ပါ “နိုင်ငံတကာဆက်ဆံရေးတွင် နိုင်ငံရေးလွတ်လပ်မှုကိုဆန့်ကျင်သည့် ခြိမ်းခြောက်မှု (သို့မဟုတ်) အင်အားအသုံးပြုခြင်းမှ ရှောင်ကျဉ်ရမည်” ဟူသော မူကိုလည်းကောင်း ဥပေက္ခာပြုဆောင်ရွက်ခြင်းဖြစ်သည်ဟုလည်း သုံးသပ်ရရှိသည်။

အရေးယူပိတ်ဆို့မှုများသည် နိုင်ငံတော်အစိုးရအပေါ် ဦးတည်ဒဏ်ခတ် အရေးယူ ပိတ်ဆို့သည်ဟု အကြောင်းပြပြောဆိုနေသော်လည်း ပကတိအခြေအနေမှာ ပြည်တွင်းရှိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအပေါ် ထိခိုက်နစ်နာစေပြီး ဒုက္ခသံသရာအတွင်းသို့ အတင်း အဓမ္မတွန်းပို့နေသည့် လုပ်ရပ်များသာဖြစ်နေကြောင်း တွေ့ ရှိရသည်။ ၎င်းအပြင် ထိုလုပ်ရပ်သည် နိုင်ငံတော်မှ ကြိုးပမ်းဆောင်ရွက်နေသော ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို နှောင့်နှေးရပ်တန့်စေခြင်းနှင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတစ်ရပ် ဖြစ်ထွန်းပေါ်ပေါက်စေရေး အခင်းအကျင်းကို ပျက်စီးစေခြင်း စသည့် ဖြစ်ရပ်များကိုသာ ပေါ်ပေါက်လာစေမည်ဖြစ်သည်။

သို့ပါ၍ နိုင်ငံအပေါ်ချမှတ်ထားသော ပိတ်ဆို့မှု (Sanctions) များအား အမြန်ဆုံး ပြန်လည်ရုပ်သိမ်းပေးကြရန်၊ ကမ္ဘာ့နိုင်ငံများကလည်း အကျိုးသက်ရောက်မှု အခြေအနေမှန်ကို မူတည်စဉ်းစား၍ ဝိုင်းဝန်းကူညီပေးကြရန် တောင်းဆိုကြောင်းနှင့် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု (Sanctions) လုပ်ရပ်များအား နိုင်ငံရေးပါတီများအားလုံးက လုံးဝ(လုံးဝ) လက်မခံ ဆန့်ကျင်ကန့်ကွက်ရှုတ်ချကြောင်း ပါတီ ၂၅ ခု၏ သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *