November 10, 2024

ဝန်ကြီးဌာနများ၊ တိုင်းနှင့်ပြည်နယ်များမှ အားကစားသမား ၆၅၀၀ ခန့် ပါဝင်ယှဉ်ပြိုင်ရန် လျာထား

၂၈. ၅. ၂၀၂၄
Written by Nyein Kyaw

၁၀ နှစ်နီးပါးကြာမှ ပြန်လည်ကျင်းပနိုင်သော ပဥ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကြီးကို နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်ဖြစ်၍ ယခုအချိန်မှစတင်၍ ကြိုတင်ပြင်ဆင် စီမံဆောင်ရွက်ထားရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယနေ့ ပြုလုပ်သည့် ၂၀၂၄ ခုနှစ် ပဥ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ ပထမအကြိမ် အစည်းအဝေးတွင် မှာကြားခဲ့သည်။

ယခု ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို နေပြည်တော်၌ ကျင်းပပြုလုပ်ရန် လျာထား ဆောင်ရွက်ထားပြီး ၆ လခန့် အချိန်ရရှိသော်လည်း ကြိုတင်ပြင်ဆင်စုဖွဲ့ရမည့်ကိစ္စများ၊ လေ့ကျင့်ရမည့်ကိစ္စရပ်များသည် နိုင်ငံတော်အဆင့် ဖြစ်သည့်အတွက် ယခုအချိန်မှ စတင်၍ ကြိုတင်ပြင်ဆင်နိုင်ရန် စီမံဆောင်ရွက်သွားရမည်ကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။

အမျိုးသားအားကစားပွဲတော်ကို ယခင်အစိုးရအဆက်ဆက်က ကျင်းပပေးခဲ့ပြီး ၁၉၉၂ ခုနှစ်တွင် ပထမအကြိမ်၊ ၁၉၉၄ ခုနှစ်တွင် ဒုတိယအကြိမ်နှင့် ၁၉၉၇ ခုနှစ်တွင် တတိယအကြိမ်တို့ကို ရန်ကုန်မြို့၌ ကျင်းပခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် စတုတ္ထအကြိမ်အဖြစ် အမျိုးသားအားကစားပွဲတော်ကို  နေပြည်တော်၌ ခမ်းခမ်းနားနား ကျင်းပခဲ့ခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ်တွင် ကျင်းပမည့် ပဥ္စအကြိမ်အား ၁၀ နှစ်နီးပါးကြာမှ ပြန်လည်ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။

ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာနအလိုက် အားကစားပြိုင်ပွဲနှင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် အားကစားပြိုင်ပွဲများဖြင့် အပိုင်း ၂ ပိုင်း ဆောင်ရွက်သွားရန် စီမံထားကြောင်း၊ ဝန်ကြီးဌာနအလိုက် ပြိုင်ပွဲတွင် အားကစားနည်း ၆ နည်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တွင် အားကစားနည်း ၂၃ နည်းဖြင့် ခန့်မှန်းအားကစားသမား စုစုပေါင်း ၆၅၀၀ ခန့် ပါဝင်ယှဉ်ပြိုင်ရန် လျာထားကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးအား နိုင်ငံတော်၏ အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားစေရေး၊ ၂၀၂၅ ခုနှစ် ဒီဇင်ဘာတွင် ထိုင်းနိုင်ငံ၌ ကျင်းပမည့် ၃၃ ကြိမ်မြောက် အ‌ရှေ့‌တောင်အာရှ အားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာ ပြိုင်ပွဲများတွင် အောင်မြင်မှုရှိစွာ ယှဉ်ပြိုင်နိုင်ရေး၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများနှင့် အလားအလာရှိသည့် လူငယ်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေး ရည်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်

Leave a Reply

Your email address will not be published. Required fields are marked *