October 23, 2024

၂၀.၁၂.၂၀၂၂
Written by Nay Aung

မြန်မာ့နိုင်ငံရေးအခြေအနေနှင့် ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ဒီဇင်ဘာ ၂၂ ရက်နေ့တွင် Non-ASEAN Gathering တိုင်ပင်ဆွေးနွေးပွဲ ကျင်းပသွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို ထိုင်းအစိုးရက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ရာ မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားမှုရှိသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများကို ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း သိရသည်။

NUG၊ PDF နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ကူညီထောက်ပံ့ပေးမည့် အမေရိကန်အစိုးရ၏ Burma Act 2022 ကို အမေရိကန်လွှတ်တော်က ခွင့်ပြုလိုက်ပြီးနောက် ရက်ပိုင်းအကြာတွင် ထိုင်းနိုင်ငံက မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားမှုရှိသည့် နိုင်ငံများနှင့် Non-ASEAN Gathering အစည်းအဝေးကို တွေ့ဆုံဆွေးနွေးရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ခုက “ဒီတွေ့ဆုံဆွေးနွေးမှုတွေက အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ပါဝင်မှာဖြစ်ပေမယ့် အာဆီယံရဲ့တရားဝင် အစည်းအဝေး မဟုတ်ဘူး။ ထိုင်းနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲကနေ မြန်မာ့နိုင်ငံရေးပြဿနာကြောင့် သက်ရောက်မှုဒဏ် တွေ့ကြုံနေရတဲ့နိုင်ငံတွေအပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲကနေ မြန်မာနိုင်ငံရေးကို စိတ်ဝင်စားမှုရှိတဲ့ နိုင်ငံတွေနဲ့ပူးပေါင်းပြီး အလွတ်သဘော အမြင်ချင်းဖလှယ်တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ခဲ့တာပါ” ဟုဆိုသည်။

အမည်မဖော်လိုသော ထိုင်း သတင်းအရင်းမြစ်တစ်ခုကလည်း ထိုင်းနိုင်ငံနှင့် နယ်နမိတ်ချင်းထိစပ်နေသော အာဆီယံအဖွဲ့ဝင်နိုင်ငံများ အဆိုပါ မြန်မာနိုင်ငံရေးနှင့်ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးပွဲကို တက်ရောက်ဖွယ်ရှိနေကြောင်း ထုတ်ဖော်ပြောဆိုခဲ့သော်လည်း အာဆီယံ အဖွဲ့ဝင်နိုင်ငံ မည်မျှတက်ရောက်မည် ဆိုသောအချက်ကို အသေးစိတ်ပြောဆိုခဲ့ခြင်း မရှိကြောင်း သိရသည်။

အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့ တက်ရောက်ရောက်မည်ဖြစ်သော်လည်း အချိုအာဆီယံအဖွဲ့ဝင်နိုင်ငံများမှာ တက်ရောက်ဖွယ်မရှိကြောင်း အမည်မဖော်လိုသော သတင်းအရင်းမြစ်တစ်ခုကပြောသည်။ အဆိုပါသတင်းအရင်းမြစ်က “မြန်မာ့နိုင်ငံရေးပြဿနာကြောင့် သက်ရောက်မှုတွေကို တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ပြီး တွေ့ကြုံနေရတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကတော့ ဒီအစည်းအဝေးကို တက်ရောက်ဖို့ရှိတယ်” ဟုဆိုသည်။

ထိုင်းနိုင်ငံတွင် ကျင်းပမည့် မြန်မာ့နိုင်ငံရေးပြဿနာကို စိတ်ဝင်စားမှုရှိသော အာဆီယံအဖွဲ့ဝင် နိုင်ငံများကြား တွေ့ဆုံဆွေးနွေးပွဲ Non-ASEAN Gathering ကို နစက၏ နိုင်ငံခြားရေးဝန်ကြီးကိုလည်း တက်ရောက်ခွင့်ပေးဖွယ်ရှိနေကြောင်း ထိုင်းသတင်းများတွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိနေသော နိုင်ငံရေးအကျပ်အတည်း၊ အခက်အခဲများ၏ သက်ရောက်မှုများကို အဓိကရင်ဆိုင်ရနေသည့် ထိုင်းနိုင်ငံသည် မြန်မာ့နိုင်ငံရေးပဋိပက္ခကို စုပေါင်းအဖြေရှာဖို့ စိတ်အားထက်သန်လျက်ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ထိုင်းအစိုးရသည် မြန်မာနိုင်ငံနှင့် နယ်နမိတ်ချင်းထိစပ်နေသော အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံ၏မိတ်ဖက်နိုင်ငံ၊ အဖွဲ့စည်းများနှင့် တရားဝင်တွေ့ဆုံဆွေးနွေးမှုများ၊ တရားမဝင်တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်းသိရသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် အာဆီယံသဘောတူညီချက်ငါးချက်ကို အကောင်ထည်ဖော်ရာတွင် သိသာတိုးတက်မှုများမရှိသည့်အတွက် နစက ခေါင်းဆောင်များကို အာဆီယံထိပ်သီးအစည်းအဝေးများ၊ အာဆီယံ ဆက်စပ်အစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်တားဆီးခဲ့ကြောင်း သိရသည်။

Ref, Thaiger

Leave a Reply

Your email address will not be published. Required fields are marked *