October 21, 2024

၂၈.၅.၂၀၂၄
Written by TZ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ ပုလုံးတုံးတုံးကျေးရွာကမ်းခြေတွင် ငါးဖမ်းထွက်ရင်းပျောက်ဆုံးသွားသည့် ငါးဖမ်းစက်လှေသားတစ်ဦး၏ ရုပ်အလောင်းကို ၃ ရက်ခန့်အကြာမှ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ မေလ ၂၆ ရက်နေ့တွင် ငါးဖမ်းစက်လှေသမားတစ်ဦး ငါးဖမ်းထွက်ရင်းပျောက်ဆုံးသွားသောကြောင့် မိသားစုဝင်များမှ သက်ဆိုင်ရာသို့ လူပျောက်ကြောင်း တိုင်ထားပြီး မေလ ၂၇ ရက်နေ့တွင်လည်း ရှာဖွေတွေ့ရှိခြင်းမရှိဘဲ မေလ ၂၈ ရက် နေ့လယ် ၃ နာရီဝန်းကျင်တွင်မှ ပုလုံးတုံးတုံးကမ်းခြေ၌ ရှာဖွေတွေ့ရှိသောကြောင့် ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့မှ ပုပ်ပွပြီး သေဆုံးနေသည့် ထိုအမျိုးသား၏ ရုပ်အလောင်းကို ၂ မိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

“မိသားစုတွေကတော့ ငါးဖမ်းထွက်ရင်းပျောက်သွားလို့ သက်ဆိုင်ရာကော လူမှုကူညီရေးအသင်းတွေကော တွေ့ရင်ပြောပါလို့ အကူအညီတောင်းထားတာ။ ခုပြန်တွေ့တော့ အလောင်းက ပုပ်ပွပြီး ရုပ်တောင်မမှတ်မိတော့ဘူး။ အလောင်းတွေ့တော့ မိသားစုဝင်တွေပြတော့ ဟုတ်တယ်တဲ့။ ပျောက်သွားတဲ့သူ”ဟု ရုပ်အလောင်းအား သွားရောက်သယ်ဆောင်သည့် ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MT News သို့ဖြေကြားသည်။

ထိုအမျိုးသားမှာ မည်သည့်အတွက်ကြောင့် သေဆုံးသည်ကို သိရှိရခြင်းမရှိသေးကြောင်း၊ ၎င်းမှာ ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက်တွင် နေထိုင်သူတစ်ဦးဖြစ်ကြောင်း သိရှိရသလို မေလ ၂၃ ရက်နေ့ကလည်း ရွှေပြည်သာရပ်ကွက် ကမ်းနားတွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့သည်။

ဓာတ်ပုံ – ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *