October 20, 2024

၂၈.၅.၂၀၂၄
Written By Thandar

အကျဥ်းကျခံနေရတဲ့ မင်းသမီး သင်ဇာဝင့်ကျော် ပါဝင်သရုပ်ဆောင်ထားတဲ့ ကျေးလက်ဟာသဇာတ်လမ်းပုံစံ “တောဂျပွေး” ရုပ်ရှင်ဇာတ်ကားကြီး Premier Show ကို ယနေ့ မေလ ၂၈ ရက် ညနေပိုင်းက ရန်ကုန်မြို့ အဆင့်မြင့် သမ္မတ ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။

“သင်ဇာဝင့်ကျော်က ခင်လေးဆိုတဲ့ ကာရိုက်တာနဲ့ ပါဝင်ခဲ့တာပေါ့။ လွန်ခဲ့တဲ့ ၆ နှစ်ကျော်လောက်ကတည်းက ရိုက်ကူးခဲ့တဲ့ ကားလည်းဖြစ်ပါတယ်။ နှိုင်းယှဉ်အနေနဲ့ ကိုဗစ်ကာလလောက်တည်းက ရိုက်ကူးရေးတွေ ရပ်ထားခဲ့တော့ အခု ဒီဇာတ်ကားလေးရုံတင်တဲ့အခါမှာ ပြန်ကြည့်ဖို့ ကိုယ်တိုင်ရင်ခုန်ပါတယ်။ ဒီဇာတ်ကားလေးက ပရိသတ်တွေအတွက် ကြည့်ရတဲ့ ခဏတာလေးအတွင်းမှာ ပျော်ရွှင်စရာတွေပေးနိုင်မယ့် ဇာတ်ကားလေးမို့ လာကြည့်ဖို့ ဖိတ်ခေါ်ပါတယ်” လို့ သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ်က ပြောပါတယ်။

Lavender ထုတ်လုပ်ရေးက အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း ဓနုတ်ကိုကိုဇော်၊ ဇာတ်ညွှန်း နေစိုးသော်တို့ကရေးသားပြီးတော့ ဒါရိုက်တာ ကျော်သားကြီးက သရုပ်ဆောင် အကယ်ဒမီ မြင့်မြတ်၊ သင်ဇာဝင့်ကျော်၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ အကယ်ဒမီ ဗေလုဝ၊ ညောင်ညောင်၊ ဇော်ဝင်းနိုင်(မန်း)၊ ကေညီ၊ အံ့မင်းညို၊ ဘင်း၊ အောင်တိုး၊ ချမ်းသာ၊ မင်းမြန်မာ၊ ဝါဝါအောင်၊ နှိုင်းယှဥ်မြင့်မိုရ်၊ ဖူးပြည့်သျှင် စတဲ့အနုပညာရှင်တွေနဲ့ ရိုက်ကူးထားပါတယ်။

“ဒီဇာတ်ကားလေးကို ကျွန်တော်လာကြည့်ဖြစ်တာက ညီမလေး သင်ဇာကို သတိရလို့ပါ။ သူ့ဇာတ်ကားတွေကိုလည်း ပရိသတ်က မကြည့်ရတာ ကြာနေပြီဖြစ်လို့ သူ့ကိုချစ်တဲ့ပရိသတ်တွေအတွက် အလွမ်းပြေမယ့် ဇာတ်ကားလေးဖြစ်မှာပါ။ လာကြည့်ဖို့ ဖိတ်ခေါ်ပါတယ်” လို့ သရုပ်ဆောင် ဒေါင်းဝေက ပြောပါတယ်။

“တောဂျပွေး ” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် မေလ ၃၁ ရက်နေ့မှစတင်ပြီး တစ်ပြည်လုံးရှိ အဆင်မြင့် ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *