၂၈. ၅. ၂၀၂၄
Written by Hey Mar
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ သီလဝါဆိပ်ကမ်းဒေသ၊ ထွဋ်ခေါင်လမ်းဆုံမှာ ဆီဘောက်ဆာယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်စဥ် ဒီနေ့ မေလ ၂၈ ရက်နေ့ နေ့လယ် ၃ နာရီကျော်အချိန် မိုးရွာသွန်းနေစဥ်မှာ ဖြစ်ပွားခဲ့တယ်လို့ သန်လျင်အခြေစိုက် ဒေသခံလူမှုကူညီအသင်းထံကနေ သိရပါတယ်။
ဖြစ်စဥ်မှာ လူထိခိုက်မှုမရှိခဲ့ပေမယ့် ဆီဂါလံ ၃၀၀၀ တင်ဆောင်လာတဲ့ယာဥ်ဟာ မြေသားအပျော့မှာ မိုးရေနဲ့ စလစ်ဖြစ်ပြီး တိမ်းမှောက်တာဖြစ်ကြောင်း သိရပါတယ်။ဖြစ်စဥ်မှာပါဝင်ပူးပေါင်းကူညီဖို့ မြေပြင်ရောက်ရှိခဲ့တဲ့ လောကအလင်း လူမှုကူညီရေးအသင်း တာဝန်ရှိသူက “လူထိခိုက်အန္တရာယ်ရှိရင်ကူဖို့ မြေပြင်ရောက်ရှိခဲ့တာပါ။ကျွန်တော်တို့ အရေးပေါ်လူနာတင်ယာဥ်နဲ့ ကျောက်တန်းမီးသတ်တပ်ဖွဲ့၊ သန်လျင်ခရိုင်မီးသတ်တပ်ဖွဲ့၊ သန်လျင်မီးသတ်တပ်ဖွဲ့ ဝင်တွေနဲ့အတူ လိုအပ်တာ ပူပေါင်းကူညီပေးခဲ့ပါတယ်”လို့ ဆိုပါတယ်။
အခင်းဖြစ်နေရာကို တောင်ပိုင်းခရိုင်မီးသတ်စခန်းမှ LUF 60 ယာဉ်(၁)စီး၊ Foam မီးသတ်ယာဉ်(၁)စီး၊ ကျောက်တန်းမြို့နယ်မီးသတ်စခန်းမှ Foam မီးသတ်ယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သီလဝါနယ်မြေမီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီးတို့နဲ့ ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။