၂၈.၅.၂၀၂၄
Translated by Htwe Ko Tun
ပြီးခဲ့တဲ့နှစ်တွေထဲ ထိုင်းနိုင်ငံအတွင်း မြန်မာနဲ့ ကမ္ဘောဒီးယားရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ထိုင်းနိုင်ငံထဲ အလုပ်ကဏ္ဍမျိုးစုံမှာ လုပ်ကိုင်နေမှုတွေက သိသာထင်ရှားတဲ့အင်အားတွေဖြစ်လာခဲ့တယ်လို့ပဲ ဆိုကြပါတယ်။ နိုင်ငံခြားအလုပ်သမားများ စီမံခန့်ခွဲရေးရုံးက ဧပြီလမှာ ထုတ်ပြန်ခဲ့တဲ့ နောက်ဆုံး စာရင်းဇယားတွေအရဆိုရင်လည်း ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားအလုပ်သမား ၃,၃၂၆,၀၃၄ ဦး ရှိတဲ့အနက် မြန်မာနိုင်ငံသား ၂,၃၀၂,၄၅၉ ဦးနဲ့ ကမ္ဘောဒီးယားနိုင်ငံသား ၄၄၈,၉၇၆ ဦးရှိကြတယ်လို့ ဖော်ပြထားပါတယ်။ ဒီအရေအတွက်ကိုကြည့်မယ်ဆိုရင် ထိုင်းနိုင်ငံရဲ့ လူနေမှုအဖွဲ့အစည်းထဲ အခြားအမျိုးမျိုးသော နိုင်ငံခြားသားတွေပါ ရောနှောရောက်ရှိလာကြတာတွေ့ရမှာပါ။
ထိုင်းနိုင်ငံရှိ နိုင်ငံခြားရွှေ့ပြောင်းအလုပ်သမားတွေအနက် ၈၈ ရာခိုင်နှုန်းရှိမယ့် မြန်မာနဲ့ ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ လိုအပ်ချက်တွေ၊ သူတို့ရဲ့ ဘဝနေထိုင်မှု ပုံဟန်တွေက်ု အတွင်းကျကျလေ့လာမှုတွေပြုလုပ်ခဲ့တဲ့အခါမှာတော့ သူတို့တွေအနေနဲ့ ဌာနေကိုခွဲခွာပြီး လာရောက်လုပ်ကိုင်နေမှုတွေအပေါ် ပိုလို့သိနားလည်ခဲ့ရပါတယ်။
ထိုင်းနိုင်ငံအတွင်းမှာ မြန်မာနဲ့ ကမ္ဘောဒီးယားရွှေ့ပြောင်းအလုပ်သမားတွေကိုလေ့လာကြည့်ရာမှာ ပထမဆုံးတွေ့ရမှာက သူတို့ဟာ အသက်မွေးဝမ်းကျောင်းမှုတစ်ရပ်အတွက် လာရောက်လုပ်ကိုင်နေကြပြီး မိခင်နိုင်ငံတွေမှာ ကျန်ခဲ့တဲ့မိသားစုတွေကို ထောက်ပံ့ဖို့ငွေရှာရင်း ပိုမိုကောင်းမွန်တဲ့ဘဝရရှိဖို့ ကြိုးစားနေကြတယ်ဆိုတာပါပဲ။ ဒါကြောင့်လည်း သူတို့ဟာ အလုပ်ကို ကြိုးကြိုးစားစား လုံ့လဝိရိယအပြည့်နဲ့လုပ်ကြပြီး ဇွဲရှိကြတာတွေ့ရမှာပါ။အနည်းဆုံးတစ်ပတ်ကို ခြောက်ရက်လုပ်ကြပြီး သူတို့ထဲက ထက်ဝက်ကျော်ကလည်း နေ့စားအလုပ်သမားတွေပါ။ ခြုံလို့ဆိုရရင် သူတို့ရဲ့ ပျမ်းမျှလစာက ၁၂,၄၂၄ ဘတ် ရှိပြီး သူတို့ မိခင်နိုင်ငံတွေမှာ အလုပ်လုပ်ကိုင်လို့ရတဲ့ဝင်ငွေထက် ပိုမိုမြင့်မားပါတယ်။
နောက်တစ်ခါ သူတို့ဟာ မိခင်နိုင်ငံမှာကျန်ခဲ့တဲ့ မိသားစုတွေထံ ဝင်ငွေကို ပုံမှန်ပြန်ပို့ကြတာကို တွေ့ရပါတယ်။ သူတို့ရဲ့ မိဘတွေ၊ သားသမီးတွေ ဒါမှမဟုတ် ဆွေမျိုးမောင်နှမတွေဆီပေါ့။ မိသားစုတွေအတွက်တော့ ပိုက်ဆံရှာဖွေကျွေးသူတွေပါပဲ။ ဒါကြောင့်လည်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေက ဌာနေရှိ မိသားစုတွေကို ပြည်ပကနေငွေလွှဲပို့တဲ့အဓိကအရင်းအမြစ်တွေပါပဲ။ ပြည်ပမှာ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်မှုတွေတိုးတက်လာတာနဲ့အမျှ သူတို့ရဲ့ငွေလွှဲပို့မှုတွေက ပိုလို့အရေးပါလာတယ်လို့ဆိုရမှာပါ။
ဒီမှာစိတ်ဝင်စားစရာကောင်းတာက မြန်မာအလုပ်သမားတွေက ဌာနေကို ပြန်လည်ပြီးငွေလွှဲပို့ရာမှာ ဘဏ်ကနေလွှဲပြောင်းပေးပို့ဖို့ထက် Hawala လို့သိကြတဲ့၊ မြန်မာလိုတော့ဟွန်ဒီရိုက်တယ် ခေါ်ကြတဲ့ ငွေလွှဲနည်း ဒါမှမဟုတ် ပွဲစားတွေကနေတစ်ဆင့် ငွေလွှဲနည်းတွေကို အသုံးပြုဖို့ ပိုကြိုက်ကြတာပါ။ ဒီနည်းက ငွေလက်ခံရမယ့်သူတွေအတွက် ပိုလို့လွယ်ကူတယ်လို့ဆိုပါတယ်။
တတိယတစ်ချက်အနေနဲ့တွေ့ရတာက အများအားဖြင့် တနင်္ဂနွေနေ့ဖြစ်ကြတဲ့သူတို့ရဲ့တစ်ပတ်တစ်ခါ နားရက်မှာဆိုရင် သူတို့အတွက် အားလပ်ရက်မျာအသုံးပြုဖို့ နည်းလမ်းတွေများစွာရှိတဲ့အနက် လူကြိုက်အများဆုံးကတော့ အင်တာနက်ကြည့်ရင်း အားလပ်ရက်ကို ကုန်ဆုံးတာပဲဆိုတာ လေ့လာတွေ့ရှိရပြန်ပါတယ်။ သူတို့အနေနဲ့ တစ်လကို မိုဘိုင်းဖုန်းနဲ့အင်တာနက်အသုံးပြုဖို့ ဘတ် ၂၀၀ လောက်အကုန်အကျခံကြတာ တွေ့ရမှာပါ။
နောက်တစ်ခါတွေ့ရပြန်တာက ဗုဒ္ဓဘာသာဝင်တွေအများစုဖြစ်တဲ့ မြန်မာနဲ့ ကမ္ဘောဒီးယားရွှေ့ပြောင်းလုပ်သားတွေဟာ ဘုရားပုထိုးတွေဆီသွားကြ၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေကိုကြည်ညိုကြ ပြုလုပ်ပြီး ကောင်းမှုကုသိုလ်တွေ လုပ်ကြတာပါ။ ထိုင်းနိုင်ငံမှာ လာရောက်အလုပ်လုပ်နေတုံးမှာတောင် အရေးကြီးတဲ့ အစဉ်အလာ ဓလေ့စရိုက်တစ်ခုအနေနဲ့ ဒီကောင်းမှုကုသိုလ်တွေကို သူတို့ပြုလုပ်လေ့ရှိကြပါတယ်။
ထိုင်းနိုင်ငံအတွင်း ကြာရှည်စွာနေထိုင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနဲ့ ကမ္ဘောဒီးယားရွှေ့ပြောင်း လုပ်သားတွေမှာတွေ့ရတဲ့တစ်ချက်ကတော့ ထိုင်းဘာသာစကားကို ပြောဆိုဖို့လိုလားကြပြီး ကျွမ်းကျွမ်းကျင်ကျင်လည်းပြောနိုင်ကြတာပဲ။ ဒါပေမယ့် တချို့နေရာတွေမှာ သူတို့ရဲ့ အသံထွက်က မသဲမကွဲဖြစ်တတ်ကြပါတယ်။ ဒါကြောင့်လည်း သူတို့မှာ ထိုင်းပြည်သူတွေနဲ့ စကားပြောဖို့ ကိုယ့်ကိုယ်ကိုယ် မယုံမရဲ ဖြစ်တတ်ကြပါတယ်။ ဒီအတွက် သူတို့က ထိုင်းပြည်သူတွေ၊ သူငယ်ချင်းတွေ၊ ရုပ်ရှင်မီဒီယာတွေကနေ ထိုင်းဘာသာစကားကို ပိုလို့သင်ယူလေ့လာ ကြတာတွေ့ရမှာပါ။
မြန်မာနဲ့ ကမ္ဘောဒီးယားရွှေ့ပြောင်းအလုပ်သမားတွေ ရဲ့ဘဝနေထိုင်မှုမှာ နောက်ဆုံးလေ့လာတွေ့ရှိရတာတစ်ခုကတော့ သူတို့ဟာ ရိုးရှင်းတဲ့ဘဝကိုနှစ်သက်ပြီး သူတို့မိခင်မြေနဲ့ လုပ်ဖော်ကိုင်ဘက်တွေကိုချစ်ခင်မှုရှိကြတာပါပဲ။ သူတို့အရင် ထိုင်းနိုင်ငံကိုရောက်လာခဲ့ကြတဲ့ မိတ်ဆွေသူငယ်ချင်းတွေထံက အကြံဉာဏ်တွေကိုနာခံကြပါတယ်။
ဒါ့ပြင် ရွှေ့ပြောင်းအလုပ်သမားလူ့အဖွဲ့အစည်းတွေဟာ သူတို့မိခင်နိုင်ငံတွေမှာ ရင်းနှီးသိရှိပြီးလည်းဖြစ်တဲ့ထုတ်ကုန်တွေကို ပိုလို့နှစ်သက်ကြတာတွေ့ရပါတယ်။ မြန်မာအလုပ်သမားတွေဆိုရင် မြန်မာနိုင်ငံမှာ သူတို့သိရှိအသုံးပြုခဲ့တဲ့ တယ်လီနောတံဆိပ်ကိုပဲ ထိုင်းနိုင်ငံမှာလည်း အသုံးပြုတတ်ကြပါတယ်။ သူတို့တွေဟာ ထိုင်းနိုင်ငံအတွင်း မြို့အသီးသီးမှာနေထိုင်လုပ်ကိုင်နေကြပေမယ့် သူတို့အကြား Facebook နဲ့ TikTok လို လူမှုကွန်ရက်တွေကနေ ကိုယ်ပိုင်ဘာသာစကားတွေနဲ့ ဆက်သွယ်ပြောဆိုကြတာတွေ့ရပါတယ်။ သူတို့လိုအပ်ချက်တွေရနိုင်မယ့်စတိုးဆိုင်တွေကို လူမှုကွန်ရက်က ဆက်သွယ်လို့ အချင်းချင်းအသိပေးကြပါတယ်။
ဒီအချက်တွေကတော့ ထိုင်းနိုင်ငံရောက်နိုင်ငံခြားရွှေ့ပြောင်းအလုပ်သမားတွေထဲမှာ အရေအတွက်အင် အားအများဆုံးဖြစ်တဲ့ မြန်မာနဲ့ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ထိုင်းနိုင်ငံအတွင်း နေ့စဉ် လူနေမှုဘဝဟန်ပန်တွေကို လေ့လာတင်ပြတာပဲဖြစ်ပါတယ်။
Ref-Nation Thailand