၂၈. ၅. ၂၀၂၄
Written by Hey Mar
လည်ပင်းကို ဆိုင်ကယ်ချိန်းကြိုးနဲ့ပတ်ပြီး ဆွဲကြိုးချသေဆုံးနေတဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ရဲ့ ရုပ်အလောင်းကို မနေ့က မေလ ၂၇ ရက်နေ့ မနက်အစောပိုင်းက တွေ့ရှိသယ်ဆောင်ပေးခဲ့ရတယ်လို့ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြိုနယ်အခြေစိုက် ရင်ခုန်သံရှင်သန်ရေး လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဥ်က ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြိုနယ်၊ ဥယျာဥ်တော်ကျေးရွာရှိ “7 star KTV” ဆိုင်အရှေ့ထိုင်ခုံမှာ လည်ပင်းကို ချိန်းကြိုးပတ်လျက် အနေအထားနဲ့ အမျိုးသား ၁ ဦးသေဆုံးနေတာပါ။
သေဆုံးသူမှာ ပါရှိတဲ့ မှတ်ပုံတင်အရ အသက် (၂၉) နှစ်အရွယ် ကိုသန်းထိုက်အောင်ဖြစ်ပြီး မွန်ပြည်နယ်၊ ဘီးလင်းမြို့မှာ နေထိုင်သူလို့ သိရပါတယ်။ ထိုင်ခုံပေါ် ထိုင်လျက်အနေအထားနဲ့ လည်ပင်းမှာ ဆိုင်ကယ်ချိန်းကြိုး ပတ်ချည်ထားပြီး ချိန်းကြိုးတစ်ဖက်က အုတ်တိုင်မှာ ချည်ထားကာ သေဆုံးနေတာလို့ မြေပြင်ကူညီစဥ်မှာ မျက်မြင်အခြေအနေကို ရင်ခုန်သံရှင်သန်ရေး လူမှုကူညီရေးအသင်းတာဝန်ရှိသူက ဆိုပါတယ်။
“သေဆုံးသူက ဘီးလင်းကပါ။ အဆက်အစပ်မရှိဘာဖြစ်မှန်းလဲမသိ။ ပြောနေကြတာတော့ KTV က ကောင်မလေးတစ်ယောက်နဲ့ ရည်းစားဖြစ်ပြီး လာတွေ့တယ်လို့ ပြောနေကြတယ်။ ဟုတ် မဟုတ်သေချာတော့မသိဘူး။ ဒီနေ့တော့ မိသားစု လိုက်လာပြီး အုတ်တွင်းမှာပဲ သင်္ဂြိုဟ်မယ်ဆိုလို့ စီစဥ်ပေးလိုက်ပါတယ်။ သင်္ဂြိုဟ်ပြီးပါပြီ ” လို့ MT News ကို ပြောပါတယ်။