November 2, 2024

၂၈.၅.၂၀၂၄
Written By Thandar

ရုပ်သံလိုင်း ဇာတ်လမ်းတွဲတွေကတစ်ဆင့် ပရိသတ်ချစ်ခင်မှုရရှိလာတဲ့ သရုပ်ဆောင် ခြူးလေးက စုဆောင်းထားတဲ့ငွေနဲ့ အဖေ့အတွက်ရည်ရွယ်ပြီး အိမ်လေးကို အရစ်ကျနဲ့ ဝယ်လိုက်တာပါလို့ ဆိုပါတယ်။

“တကယ်တော့ အဖေအတွက်ရည်ရွယ်ပြီး အိမ်လေးကို အရစ်ကျနဲ့ ဝယ်လိုက်တာပါ။ လစဥ်ပြန်ဆပ်ရမှာပေါ့နော်။ ရိုးရိုးအိမ်လေးပါပဲ။ ခြူးလေး လူမှန်းသိတတ်စ အရွယ်ကတည်းက ကိုယ်ပိုင်အိမ်နဲ့ မနေဖူးဘူး။ အဖေတို့ မိဘတွေကတော့ ကိုယ်ပိုင်အိမ်နဲ့နေရတာပေါ့။ အမေနဲ့ အိမ်ထောင်ပြုပြီးကတည်းက တစ်နေရာပြီးရင် တစ်နေရာကို အမြဲအဖေကပြောင်းနေရတာပါ။ ကိုယ်ပိုင်ဆိုတာ တခါမှမရှိဘူး။ ခြူးလေး အသက် ၃၀ သက်တမ်းမှာ အဖေ့အနေနဲ့ ကိုယ်ပိုင်အိမ်နဲ့ စနေရတာပါ။ တကယ်တော့ ဖခင်နဲ့အတူတူ ပေါင်းနေရမှာပါ။ ကိုယ်ကတော့ ဒီထက်ကောင်းအောင်နေစေချင်တာပေါ့။ ခြူးလေး နိုင်သလောက်ငွေကိုစုရင်းနဲ့ ငွေတန်ဖိုးကကျလာတော့ လိုက်မမီတွေဖြစ်ကုန်တာပေါ့။ မီသလောက်လေး အရင်ဝယ်လိုက်တာပါ။ ဒီအိမ်က ခြူးလေး ပထမဦးဆုံး စဝယ်တဲ့ အိမ်ကလေးပါ” လို့ သရုပ်ဆောင် ခြူးလေးက ပြောပါတယ်။

သူမက လက်ရှိမှာတော့ “ အတ္တဆူး” ဇာတ်လမ်းတွဲ၊ “သစ္စာဖြင့်သာ စီရင်စေ” ဇာတ်လမ်းတွဲ၊ “မယားကျွန်” ဇာတ်လမ်းတွဲ စတာတွေ ရိုက်ကူးနေသလို မကြာခင် လူနောက် ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်မယ့်သူလည်း ဖြစ်ပါတယ်။ ဒါ့ပြင် ဂီတပိုင်းနဲ့ ပတ်သက်ပြီး “ချစ်လို့” သီချင်းနဲ့ “ညားခါစ” သီချင်းကို Jay နဲ့အတူ သီဆိုထားတာလည်းဖြစ်ပါတယ်။

“ခြူးလေးအတွက် ကိုယ်ပိုင်အိမ်လေးသပ်သပ် ဝယ်နိုင်ဖို့လည်း ကြိုးစားရပါဦးမယ်။ ရသမျှအလုပ်တွေ အကုန်လုပ်ရမယ်။ ချွေတာရမှာပေါ့။ ကိုယ်တိုင်ကလည်း အများကြီး ကြိုးစားရဦးမှာပါ။ ကိုယ့်ရဲ့အိပ်မက်တွေ အကောင်အထည် ဖော်ဖို့ ၃ နှစ်လောက်တော့ ကြိုးစားရမယ်။ ခြူးလေးက ကိုယ်ပိုင် အိမ်နဲ့ယာနဲ့ နေဖို့ကံဇာတာမပါသေးဘူး။ ကြိုးစားရမှာပါ” လို့ သူမကဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *