၂၈. ၅. ၂၀၂၄
Written by Nyein Kyaw
ဧရာဝတီမြစ်ရေနှင့် ချင်းတွင်းမြစ်ရေများ မြင့်တက်နေ၍ ဧရာဝတီမြစ်တစ်လျှောက် မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပြည်၊ ဟင်္သာတ၊ ဇလွန် အပါအဝင် ၁၇ မြို့နှင့် ချင်းတွင်းမြစ်တစ်လျှောက် ဟုမ္မလင်း၊ မုံရွာ အပါအဝင် ၇ မြို့တို့တွင် လာမည့် ၁၀ ရက်အတွင်း လက်ရှိရေအမှတ်ထက် ၆ ပေမှ ၁၁ ပေခန့်အထိ မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့တွင် အသိပေးကြေညာထားသည်။
ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့တွင် မေလ ၂၈ ရက်(ယနေ့) မွန်းတည့် ၁၂ ခွဲအချိန် တိုင်းထွာချက်အရ ယင်းမြို့တွင် ၅၈၈ စင်တီမီတာသို့ ရောက်ရှိခဲ့ကာ ၃၆ နာရီအတွင်း ၁၀ ပေခန့် မြင့်တက်ခဲ့သည်။
ဧရာဝတီမြစ်အထက်ပိုင်းတွင် မြင့်တက်ခဲ့သော အဆိုပါမြစ်ရေများသည် နောက် ၁ ရက်မှ ၇ ရက်အတွင်း ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နှင့် မြင်းမူမြို့တို့တွင် ၆ ပေမှ ၈ ပေခန့်၊ နောက် ၈ ရက်မှ ၁၁ ရက်အတွင်း ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့နှင့် အောင်လံမြို့တို့တွင် ၈ ပေမှ ၁၀ ပေခန့်၊ နောက် ၁၁ ရက်မှ ၁၃ ရက်အတွင်း ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၆ ပေမှ ၇ ပေခွဲခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ကြောင်း ကြေညာထားသည်။
ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့တွင် မေလ ၂၈ ရက်(ယနေ့) မွန်းတည့် ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ ယင်းမြို့တွင် ၅၀၂ စင်တီမီတာသို့ ရောက်ရှိခဲ့ကာ ၃၆ နာရီအတွင်း ၁၃ ပေခန့်မြင့်တက်ခဲ့သည်။
ချင်းတွင်းအထက်ပိုင်းတွင် မြင့်တက်ခဲ့သော အဆိုပါမြစ်ရေများသည် နောက် ၁ ရက်မှ ၄ ရက်အတွင်း ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့နှင့် မော်လိုက်မြို့တို့တွင် ၁၀ ပေမှ ၁၁ ပေခန့်၊ နောက် ၄ ရက်မှ ၆ ရက်အတွင်း ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၈ ပေမှ ၁၀ ခန့် လက်ရှိရေမှတ်များထက် မြင့်တက်နိုင်ကြောင်း ကြေညာထားသည်။
သို့ဖြစ်ပါ၍ မြစ်ကြောင်းများအတွင်း သွားလာနေကြသည့် ရေယာဉ်၊ လှေ၊ သင်္ဘောများအနေဖြင့် ဂရုပြုသင့်ကြောင်းနှင့် သဲသောင်ခုံများတွင် စိုက်ပျိုးနေထိုင်ကြသူများအနေဖြင့်လည်း မြစ်ရေတိုးလာနိုင်မှုကို ဂရုပြုနေထိုင်သင့်ကြောင်း အကြံပြုထားသည်။