၂၈.၅.၂၀၂၄
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုတွင် တော်နေဒိုးလေဆင်နှာမောင်းများနှင့် မုန်တိုင်းများက အဓိကအားဖြင့် ပြည်နယ်လေးခုဖြစ်သော တက္ကဆက်၊ ဥက္ကလာဟိုးမား၊ အာကန်ဆက်နှင့် ကန်တတ်ကီတို့တွင် ပြီးခဲ့သည့် ရက်သတ္တပတ်အကုန်က တိုက်ခတ်ခဲ့သောကြောင့် အနည်းဆုံး လူ ၂၁ ဦးသေဆုံးခဲ့ကြဖွယ်ရှိကြောင်း၊ ထိုပြည်နယ်များအတွင်း အိမ်အများအပြားနှင့်ကုန်တင်ကားများရပ်ရာနေရာတစ်ခုလည်း ပျက်စီးခဲ့ရ ကြောင်း မေလ ၂၇ ရက် သတင်းများက ဖော်ပြခဲ့သည်။
မုန်တိုင်းများက တက္ကဆက်ပြည်နယ်အတွင်း ဒါးလက်စ်မြို့ မြောက်ဘက်မှစတင်ကာ အာကန်ဆက်ပြည်နယ်၏ အနောက် မြောက်ပိုင်းသို့ လွှမ်းခြုံတိုက်ခတ်ခဲ့ကြသည်။ ကန်တတ်ကီပြည်နယ်တွင် သစ်ပင်များပြိုလဲကာ မုန်တိုင်းကြောင့် အနည်းဆုံး လူနှစ်ဦးသေဆုံးခဲ့ရကြောင်း ဒေသအာဏာပိုင်များက မေလ ၂၇ ရက်တွင် ပြောခဲ့ကြသည်။
တက္ကဆက်ပြည်နယ်အတွင်း ဥက္ကလာဟိုးမားပြည်နယ်နှင့်ဆက်စပ်နေသော ကွတ်ခရိုင်၌လည်း မေလ ၂၅ ရက်ညကလေဆင်နှာမောင်းတစ်ခု ဝင်ရောက်တိုက်ခတ်ရာ လူခုနှစ်ဦးသေဆုံးခဲ့ရကြောင်း တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူး ဂရက် အက်ဘော့က သတင်းစာရှင်းပွဲတစ်ရပ်၌ မေလ ၂၆ ရက်က ပြောခဲ့သည်။ သေဆုံးသူများတွင် အသက်နှစ်နှစ်နှင့် ခုနှစ်နှစ်အရွယ်ကလေးငယ်နှစ်ဦးပါဝင်သည်ဟုလည်း ၎င်းကပြောခဲ့သည်။
ဥက္ကလာဟိုးမားပြည်နယ်အတွင်းတွင်လည်း လူနှစ်ဦး မုန်တိုင်းဒဏ်ကြောင့်သေဆုံးကာ အိမ်ခြေအများအပြားလည်း ပျက်စီးခဲ့ရသည်။ ထို့အတူပင် အာကန်ဆက်ပြည်နယ်တွင်လည်း လူရှစ်ဦးသေဆုံးခဲ့ရကြောင်း သိရသည်။ အာကန်ဆက်ပြည်နယ်အတွင်း အခြားသေဆုံးသူနှစ်ဦးမှာလည်း မုန်တိုင်းတိုက်ခတ်မှုများကြောင့် တိုက်ရိုက်သေဆုံးရခြင်းဟု မဆိုနိုင်သော်လည်း တစ်ဦးမှာ မုန်တိုင်းတိုက်ခတ်စဉ် နှလုံးရောဂါဖြင့် သေဆုံးခဲ့ရကာ အခြားတစ်ဦးမှာ လျှပ်စစ်ဓာတ်အားပြတ်တောက်ကာ အောက်ဆီဂျင်ပေးနေမှုရပ်သွားခဲ့၍ သေဆုံးရခြင်းဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါတော်နေဒိုးနှင့် မုန်တိုင်းတိုက်ခတ်မှုများကြောင့် ကန်တတ်ကီပြည်နယ်အတွင်း အိမ်ခြေနှင့် စီးပွားရေးလုပ်ငန်း ၁၇၄,၀၀၀၊ အနောက်ဗာဂျီးနီးယားပြည်နယ်အတွင်း အိမ်ခြေ ၆၆,၀၀၀၊ အာကန်ဆက်ပြည်နယ်အတွင်း အိမ်ခြေ ၆၁,၀၀၀၊ မစ်ဆူရီပြည်နယ်အတွင်း အိမ်ခြေ ၅၉,၀၀၀၊ တက္ကဆက် ပြည်နယ်အတွင်း အိမ်ခြေ ၆,၀၀၀ နှင့် ဥက္ကလာဟိုးမားပြည်နယ်အတွင် အိမ်ခြေ ၃,၀၀၀ တို့ လျှပ်စစ်မီးပြတ်တောက်နေကြကြောင်း မေလ ၂၇ ရက်ထုတ်ပြန်ချက်များကဖော်ပြခဲ့ကြသည်။
Ref- The Guardian