၂၈ . ၅. ၂၀၂၄
Written by Hey Mar
ဘီးလင်းမြို့ မစောတံတား ယာယီမြေသားလမ်းပိုင်းပြုလုပ်ဖြတ်သန်းရာနေရာမှာ အခုအခါ မိုးရွာသွန်းမှုတွေကြောင့် လမ်းပျက်စီးနေပြီး ကားကြီးတွေ ဘီးကျွံတာ နစ်တာတွေဖြစ်ပေါ်နေတဲ့အတွက် လမ်းပိုင်းအခြေအနေ ပိုမိုကြန့်ကြာနိုင်လို့ မေးမြန်းစုံစမ်းပြီးမှ အတက်အဆင်း လုပ်ကြဖို့ကိုလည်း ဝိုင်းဝန်းကူညီနေတဲ့ ဒေသခံတချို့က အသိပေးလာပါတယ်။
မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ မစောတံတားလမ်းလွှဲမြေသား လမ်းအခက်အခဲဖြစ်ပေါ်နေတာကြောင့် သုဝဏ္ဏဝတီမြို့၊ နောင်ဘိုကျေးရွာရှိ အကောင်းကြိုက်ကဖီးအနီးမှာ ဒီနေ့ မေလ ၂၈ ရက်မနက်က ရန်ကုန်-မော်လမြိုင်သွားကားလမ်းမပေါ် မနက် ၉ နာရီလောက်ကစပြီး ယာဉ်ကြီးယာဉ်ငယ်လေးတွေ ဆက်မသွားနိုင်ဘဲ ရပ်နားနေရသလို အလားတူပဲ သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ်ငါးကြီးအင်းမင်းလမ်းမပေါ်မှာလည်း ယာဉ်ကြီးတွေ ရပ်တန့်နေရတယ်လို့ သိရပါတယ်။
မစောတံတားက မေ (၂၃ )ရက် နံနက်အစောပိုင်းမှာ မိုင်းထောင်ဖောက်ခွဲခံရပြီး ရွှေရောင်ပြကျေးရွာအုပ်စု ရန်ကုန် – မော်လမြိုင် ကား လမ်းမပေါ်မှာ တည်ရှိပါတယ်။ တံတားအရှည် (၁၀၆) ပေ၊ အကျယ် (၂၄) ပေရှိ တံတားပါ။
“ဒီနေ့ကတော့ ကားကြီးကားသေးအကုန် ဖြတ်သန်းခွင့် ပိတ်ထားပါတယ် ခင်ဗျ။ နောင်ဘိုကနေစပြီး ရန်ကုန်ဘက်ကို သွားမယ့် ကားတန်း ကားကြီးကားသေးအကုန်ပိတ်တာပါ။ ကြားတာတော့ လမ်းလွှဲအဖြတ်မှာ ကားကြီးတွေမှောက်တယ်။ နွံနစ်တယ်။ အဲ့ဒါမျိုးတွေကြောင့်ပါ။ ရွာလမ်းတွေမှာလည်း တောထဲမှာ ရှေ့လည်းတိုးမရ နောက်လည်း ဆုတ်မရ ကားနစ်နေလို့ ဒုက္ခရောက်နေကြတာလည်းရှိတယ်” လို့ နောင်ဘိုကျေးရွာမှ ဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့ နံနက်ပိုင်းကလည်း ကျုံအိတ်တံတား မိုင်းထောင်ဖောက်ခွဲခံခဲ့ရပြီး တံတားမှာ လုံးဝပြိုကျပျက်စီးခဲ့တာကြောင့် မြန်မာပြည်တောင်ပိုင်း ကုန်စည်စီးမှု နှောင့်နှေးခဲ့ရပါတယ်။ လက်ရှိမှာ မေလ ၂၃ ရက်နေ့က စတင်ပြုပြင်နေပြီး ပြုပြင်စဥ်အတွင်း နယ်မြေမလုံခြုံမှုတွေ၊ ခြိမ်းခြောက်မှုတွေလည်း ဆက်တိုက်ကြုံနေရတယ်လို့ ဒေသခံတချို့က MT News ကို ပြောပါတယ်။
သိမ်ဆိပ်ဒေသခံတစ်ဦးက “မိုးရွာတော့လုပ်ရကိုင်ရတာ ခက်တာပေါ့။ ဒရုန်းလာမှာလည်း ကြောက်နေရတာ။ ညညဆိုအလုံးကြီးသံကအမြဲကြားနေရတာ။ ဘယ်ကပစ်မှန်းတော့မသိဘူး”လို့ ပြောပါတယ်။
မိုင်းထောင်ဖောက်ခွဲခံရချိန်ကနေ ယနေ့လက်ရှိအချိန်အထိ ဘီးလင်းဘက်ခြမ်းမှာရော သိမ်ဆိပ်ဘက်ခြမ်းမှာပါ တန်းစီရပ်ထားကြရတဲ့ ကုန်တင်ယာဥ်ကြီး ယာဥ်ငယ်တွေ အပါအဝင် ခရီးသွားယာဥ်ကြီးယာဥ်ငယ်တွေပါ များစွာရှိနေပြီး တချို့လည်း တောဘက်လမ်းသွားကြတဲ့အတွက် အခုလို မိုးရွာတဲ့အခါ ပြန်လှည့်ထွက်လာရတာတွေလည်း ရှိနေပြန်တယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ သိမ်ဆိပ်ဘက် ရပ်ထားတဲ့ကားက ခရီးသည်တွေအိပ်ဖို့ ကျွန်တော်တို့ဒေသခံတွေကပဲ ဘုန်းကြီးကျောင်းကိုပို့ပေးတယ်လေ ရက်ကြာကားကရှိနေတယ်။ ကားတန်းက အရှည်ကြီး။ တချို့က ဒုံဝန်းရွာလှေဆိပ်ကနေ ဘီးလင်းဘက်ကို လှေနဲ့သွားကြတယ်။ လူတစ်ဦးလှေခ ကျပ် ၅၀၀၀၊ ဆိုင်ကယ်တင်ရင် ကျပ်တစ်သောင်းလေ။ အခြေအနေက သိပ်မကောင်းဘူး။ မိုးက တအားရွာနေတာ”လို့ သိမ်ဆိပ်မြို့ခံတစ်ဦးကလည်း ဝိုင်းဝန်းကူညီနေရာမှာ ကြုံတွေ့ရတာကို ပြောပါတယ်။
ဒီနေ့ မေလ ၂၈ ရက်နေ့မှာတော့ တံတားနှစ်ခုစလုံးက ယာယီ မြေသားလမ်းတွေ ဘယ်အချိန်မှ ပြန်လည်ဖြတ်သန်းရနိုင်မယ် မသိရှိရသေးဘဲ မြို့ခံပရဟိတ အသင်းတွေက ခရီးသည်တွေအတွက် ဆေးအကူစောင့်ရှောက်မှုပေးနေတာ၊ ထမင်းနဲ့ ရေ ပေးဝေတာတွေလည်း ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။