November 1, 2024

၂၈. ၅. ၂၀၂၄
Translate by Thettant

မြန်မာနိုင်ငံဘက်ခြမ်း တရုတ်-ထိုင်းနယ်စပ်အနီးက တရုတ်ကျားဖြန့်ငွေလိမ်ဂိုဏ်းတစ်ခုမှာ ဖမ်းဆီးခံထားရတဲ့ မော်ရိုကိုနိုင်ငံသား ၂၀၀ ကျော် ပြန်လည်လွတ်မြောက်ရေး မော်ရိုကိုအစိုးရက အမြန်ဆုံးကြားဝင်ဆောင်ရွက်ပေးဖို့ မော်ရိုကိုလူ့အခွင့်အရေးအဖွဲ့အစည်း ၂၀ က တောင်းဆိုလိုက်ပါတယ်။

ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုဝင်တွေဆီက တိုင်ကြားချက်တွေအရ မော်ရိုကိုနိုင်ငံသား ၂၀၀ ကျော်ဟာ ဆိုးရွားတဲ့ အခြေအနေအောက်မှာ ထိန်းသိမ်းခံထားရသလို ညှဉ်းပန်းနှိပ်စက်ခံရတာ၊ အာဟာရချို့တဲ့မှုဒဏ် ခံနေရတာ၊ ဆေးကုသခွင့်မရတာတွေနဲ့ အဓမ္မခိုင်းစေမှုတွေကို ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံထားရတဲ့ မော်ရိုကိုနိုင်ငံသား ၂၀၀ ကျော်ဟာ တရုတ်-ထိုင်းနယ်စပ်အနီးက စခန်းတစ်ခုမှာ ချုပ်နှောင်ခံနေရတယ်လို့ ယုံကြည်နေကြပြီး အရပ်ဘက်အဖွဲ့အစည်း ၂၀ ကျော်နဲ့စုဖွဲ့ထားတဲ့ Moroccan Coalition of Human Rights Organizations ဟာ မြန်မာနိုင်ငံမှာ လူကုန်ကူးခံရသူတွေရဲ့ မိသားစုတွေထံကနေ ထိတ်လန့်ဖွယ်ရာ တိုင်ကြားချက်တွေကို လက်ခံရရှိခဲ့ချိန်မှာ မော်ရိုကိုနိုင်ငံသားတွေဟာ တရုတ် ကျားဖြန့်ဂိုဏ်းတွေရဲ့ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေမှာ အသုံးချခံနေရတာကို သိရှိခဲ့ရတာပါ။

လက်ရှိအခြေအနေမှာ လူ့အခွင့်အရေးအဖွဲ့အစည်းတွေအနေနဲ့ ဖမ်းဆီးခံမော်ရိုကိုနိုင်ငံသား ၂၀၀ ကျော် ပြန်လည်လွတ် မြောက်ရေးအတွက် မော်ရိုကို နိုင်ငံခြားရေးနဲ့ အာဖရိကပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ထိုင်းနိုင်ငံအခြေစိုက် မော်ရိုကိုသံရုံး၊ အမျိုးသားလုံခြုံရေး အထွေထွေညွှန်ကြားရေးမှူးနဲ့ အမျိုးသားလူ့အခွင့်အရေးကောင်စီတို့ အပါအဝင် မော်ရိုကိုအာဏာပိုင်တွေထံ တိုင်ကြားစာတွေ ပေးပို့ခဲ့သလို မေလတတိယအပတ်အတွင်း မော်ရိုကိုနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ မော်ရိုကိုနိုင်ငံဆိုင်ရာတရုတ်သံရုံးရှေ့ ဆန္ဒပြမှုနှစ်​ကြိမ်လည်း ပေါ်ပေါက်ခဲ့ပါတယ်။

ဖမ်းဆီးခံမော်ရိုကိုနိုင်ငံသားတွေရဲ့ အချို့သောမိသားစုတွေက တရုတ်ကျားဖြန့် ပြန်ပေးသမားတွေ တောင်းဆိုငွေတွေကို ပေးအပ်ခဲ့သလို နိုင်ငံတကာက လူသားချင်းစာနာထောက်မှုဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ကြားဝင်ဆောင်ရွက်ပေးမှုတွေနဲ့ ပြန်လည်လွတ်မြောက်ဖို့ ကြိုးပမ်းတာကြောင့် မော်ရိုကိုအမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

မော်ရိုကို လူ့အခွင့်အရေးအဖွဲ့အစည်းတွေကတော့ အဓမ္မဖမ်းဆီးခံထားရတဲ့ မော်ရိုကိုလူငယ်တွေဟာ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ခြင်းမရှိတဲ့ မော်ရိုကို အစိုးရမူဝါဒတွေရဲ့ သားကောင်ဖြစ်ခဲ့ရသလို အလုပ်အကိုင်မဲ့မှုတွေကြောင့် သူတို့ဟာ ထိခိုက်လွယ်တဲ့ အခြေအနေဆီ တွန်းပို့ခံခဲ့ကြရတာလို့ ဝေဖန်နေကြသလို ဖမ်းဆီးခံရသူတွေလွတ်မြောက်ရေးကြိုးပမ်းပေးဖို့ မော်ရိုကိုအစိုးရအဖွဲ့တာဝန်ရှိသူတွေဆီ ပေးစာပေးပို့ခဲ့တဲ့အပြင် သက်ဆိုင်ရာအစိုးရအဖွဲ့တွေကို ဖိအားပေးဖို့ ထိုင်းနဲ့တရုတ်သံရုံးကိုလည်း ပေးစာတွေပေးပို့ခဲ့ကြပါတယ်။

ဒီလိုမျိုး တရုတ်ကျားဖြန့်ရာဇဝတ်ဂိုဏ်းတွေရဲ့ ညှင်းပန်းနှိပ်စက်မှုကြောင့်လည်း မော်ရိုကိုနိုင်ငံသား ၁၄ ဦး ထိုင်း-မြန်မာနယ်စပ်မှာသေဆုံးခဲ့ရတယ်လို့လည်း Morocco World News က မေလ ၈ ရက်မှာ သတင်းဖော်ပြခဲ့ပါသေးတယ်။

Photo – Hespress
Photo & Ref – Morocco World News

Leave a Reply

Your email address will not be published. Required fields are marked *