၂၈. ၅. ၂၀၂၄
Written by Nyein Kyaw
မြန်မာ-ထိုင်းနှစ်နိုင်ငံအကြား တရားမဝင်ဟွန်ဒီများကို အသုံးပြုခြင်းအစား တရားဝင်လမ်းကြောင်းမှ လွှဲပြောင်းနိုင်ရေးနှင့် အလုပ်သမားများ လုပ်ခလစာလွှဲပို့ရာတွင် အဆင်ပြေစွာရောက်ရှိစေရေး ဘဏ်များကဝိုင်းဝန်းဆောင်ရွက်ပေးနိုင်ရန်အတွက် မေလ ၂၇ ရက် (ယမန်နေ့)တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် ထိုင်းဘဏ်များဖြစ်သည့် Siam Commercial Bank၊ Bangkok Bank ၊ Kasikorn Bank၊ Krung Thai Bank များ တွေ့ဆုံဆွေးနွေးခဲ့သည်။
ယင်းကဲ့သို့ တွေ့ဆုံစဉ် တရားမဝင် ဟွန်ဒီများကို အသုံးပြုခြင်းအစား တရားဝင်လမ်းကြောင်းမှ ငွေလွှဲပြောင်းမှုများ တိုးတက်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ မြန်မာလုပ်သားများ၏ လွှဲပို့ငွေများအပိုင်းတွင် ထိုင်းနိုင်ငံရှိ ပြည်ပရောက် မြန်မာလုပ်သားများ၏ လုပ်ခလစာ လွှဲပို့ငွေများကို ပြည်တွင်း၌ မိသားစုများထံသို့ အဆင်ပြေချောမွေ့စွာရောက်ရှိစေနိုင်ရေး ဘဏ်များကဝိုင်းဝန်းဆောင်ရွက်ပေးနိုင်ရန် ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ရင်းနှီးမြှုပ်နှံမှုအပိုင်းတွင် မြန်မာနိုင်ငံ၌ ထိုင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု ပိုမိုဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များတွင် ဟွန်ဒီဆောင်ရွက်နေမှုများအပေါ် ထိုင်းဘဏ်များအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန်ကိစ္စရပ်များ၊ ကုန်သွယ်ရေးပိုင်းတွင် ထိုင်း-မြန်မာနှစ်နိုင်ငံအကြား ကုန်သွယ်ရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးစေရေးအတွက် ငွေကြေးထောက်ပံ့ခြင်း (Pre-shipment Export Financing/ Post- shipment Export Financing )များ ဆောင်ရွက်ပေးနိုင်ရေးအခြေအနေများ၊ နှစ်နိုင်ငံနိုင်ငံခြားငွေ လွှဲပြောင်းပေးချေမှုများကို အဆင်ပြေချောမွေ့စေရေး ပံ့ပိုးပေးနိုင်ရန်ကိစ္စရပ်များ ဆွေးနွေးခဲ့သည်။