၂၈. ၅. ၂၀၂၄
Written by Nay Moe
ရွှေတိဂုံစေတီတော် ရင်ပြင်တော်ပေါ်၌ ဗီယက်နမ်နိုင်ငံရှိ အလှူရှင်များမှ ဦးဆောင်ကျင်းပမည့် သံဃာတော် (၅၅၅၅)ပါးအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းမှု ဇွန်လ ၁ ရက် နံနက်အစောပိုင်းတွင်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
လာမည့် ဇွန်လ ၁ ရက်နေ့တွင် ကျင်းပမည့် အဆိုပါ သံဃာ ၅၅၅၅ ပါး ဆွမ်းဆန်လောင်းလှူပူဇော်ပွဲအတွက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ကြီး၊ အကျိုးတော်ဆောင်ဆရာတော်နှင့် အလှည့်ကျမဟနအဖွဲ့ခွဲများ၊ မြို့နယ်အလိုက် သံဃမဟာနာယကဆရာတော်များနှင့် တိပိဋကဓရ၊ တိပိဋကကောဝိဒဆရာတော်ကြီးများအပါအဝင် သံဃာအပါး ၁၀၀ ကို အထူးပင့်ဆောင်သွားမည်ဖြစ်ပြီး ကျန်သံဃာ ၅၄၅၅ ပါးကိုမူ ဗီယက်နမ်အလှူရှင်များက ၂၈၄၀ ပါး ပင့်ဆောင်မည်ဖြစ်ကာ ထို သံဃာအရေအတွက်အပေါ်မူတည်၍ ခရိုင်လေးခုမှသံဃာ ၂၆၁၅ ပါးကို ပင့်ဆောင်သွားမည်ဖြစ်သည်။
ဆွမ်းဆန်စိမ်းလောင်းလှူရာ၌ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များအဆောင်၌ အထူးပင့်သံဃာ အပါး ၁၀၀၊ အရှေ့ဘက်မုခ်တွင် သံဃာ ၉၅၄ ပါး၊ အနောက်ဘက်မုခ်တွင် ၁၇၀၂ ပါး၊ တောင်ဘက်မုခ်တွင် ၁၃၁၂ ပါးနှင့် မြောက်ဘက်မုခ်တွင် ၁၄၈၇ ပါးတို့အား နေရာချထား ဆွမ်းဆန်ဆက်ကပ်ပူဇော်မည်ဖြစ်သည်။
ဗီယက်နမ်အလှူရှင်များက ယမန်နှစ် ဇွန်လ ၁၈ ရက် နံနက်ကလည်း ရွှေတိဂုံစေတီရင်ပြင်ပေါ်တွင် သံဃာအပါး ၁၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ခဲ့ပြီး ယခုနှစ်တွင်မူ ၅၅၅၅ ပါးအထိ တိုးမြှင့်ပူဇော်လာခြင်းဖြစ်သည်။
ပုံစာ။ ရွှေတိဂုံစေတီရင်ပြင်ပေါ်၌ သံဃာအပါး ၁၀၀၀ ဗီယက်နမ်အလှူရှင်များ ဆွမ်းဆန်လောင်းလှူပူဇော်မှု ယမန်နှစ်မြင်ကွင်း။