MT News
၂၇. ၅. ၂၀၂၄
ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်း ဝင်ရောက်လာသူ အမျိုးသား (၆) ဦး၊ အမျိုးသမီး (၂) ဦး စုစုပေါင်း (၈)ဦးကို ယနေ့ မေ ၂၇ ရက်က မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံပေးခဲ့ပြီး ယခုဆိုလျှင် ရန်ကုန်တိုင်းဒေသကြီးတွင် အလင်းဝင်ရောက်လာသူ ၁၀၀ အထက်အား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်းတို့၏မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်လျက်ရှိပြီး ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ပြန်လည်ကြိုဆိုလက်ခံခြင်း အခမ်းအနားကိုပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ဒေါပုံမြို့နယ်၊ သာကေတမြို့နယ်၊ သုံးခွမြို့နယ်တို့မှ PDF အဖွဲ့ဝင်အမျိုးသား ၆ ဦး၊ အမျိုးသမီး ၁ ဦးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှ အမျိုးသား ၁ ဦး၊ စုစုပေါင်း ၈ ဦးတို့အား ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ၎င်းတို့၏မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပြီး ထောက်ပံ့ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။
PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအနေဖြင့် နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ပြန်လည်ဝင်ရောက်ခြင်းပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားပြီးဖြစ်ရာ ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသော PDF အဖွဲ့ဝင်ထောင်ချီက အလင်းဝင်ရောက်ခဲ့ပြီးလည်းဖြစ်သည်။ (Photo – Credit)