၂၇. ၅. ၂၀၂၄
Written by Nyein Kyaw
ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်အား မေလ ၂၃ ရက်မှစတင်ခဲ့ပြီး ယနေ့ ငါးရက်မြောက်နေ့အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၌ ကျောင်းအပ်နှံသူဦးရေ ၅,၁၆၀,၀၁၉ ဦး (၅ ဒသမ ၁၆၀ သန်း)ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။
ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ ၂၃ ရက်မှ ဇွန်လ ၂ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဇွန်လ ၃ ရက် (တနင်္လာနေ့)တွင် အခြေခံပညာကျောင်းများအားလုံး စတင်ဖွင့်လှစ်သွားမည်ဖြစ်ကာ ကျောင်းများ၏ လုံခြုံရေးနှင့် ကျောင်းအပ်လက်ခံမှု ဆောင်ရွက်သည့် ဆရာ၊ ဆရာမများ၊ လာရောက်ကျောင်းအပ်နှံကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ၏ လုံခြုံရေးအတွက် သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများနှင့် တာဝန်သိပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံရေးသီတင်းပတ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အစိုးရကျောင်း၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၌ ကျောင်းအပ်နှံသူ ကျောင်းသား၊ ကျောင်းသူ ၅,၆၀၉,၆၇၆ (၅ ဒသမ ၆ သန်းကျော်) ဦးရှိခဲ့သည်။ ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင်လည်း ကျောင်းအပ်နှံသူ ကျောင်းသား၊ ကျောင်းသူ ၈,၁၀၈,၂၂၇ (၈ ဒသမ ၁ သန်းကျော်) ဦးအထိ ကျောင်းအပ်နှံခဲ့ကြောင်း သိရသည်။