၂၇. ၅. ၂၀၂၄
Written by Nyein Kyaw
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၃) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့အား တာဝန်မှအနားယူခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) မှ ယနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၃) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးအား တာဝန်မှအနားယူခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် (၃၈/၂၀၂၄) ဖြင့် ယနေ့ ထုတ်ပြန် ကြေညာခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၃) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ပြီးခဲ့သည့် NLD အစိုးရလက်ထက်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ညွှန်ကြားရေးမှူးချုပ်နှင့် အမြဲတမ်းအတွင်းဝန်ရာထူးများ ထမ်းဆောင်ခဲ့ပြီး SAC အစိုးရလက်ထက်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၃) ပြည်ထောင်စုဝန်ကြီး တာဝန်များကို ထမ်းဆောင်ခဲ့သူဖြစ်သည်။
ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းအား တာဝန်မှအနားယူခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် (၃၉/၂၀၂၄) ဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။