November 1, 2024

MT News
၂၇. ၅. ၂၀၂၄

မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် ISTAF WORLD CUP 2024 ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တတိယဆုရ မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသားများသည် ယနေ့နေ့လယ် ၁ နာရီ မိနစ် ၅၀ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ပြန်လည်ရောက်ရှိရာ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးအား/ကာမှ တာဝန်ရှိသူများ၊ အားကာသိပ္ပံမှကျောင်းသားကျောင်းသူများက အောင်ပွဲရ မြန်မာအသင်းအား လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ကြကြောင်း သိရသည်။

မလေးရှားနိုင်ငံတွင် မေလ ၁၈ ရက်မှ ၂၆ ရက်အထိကျင်းပသည့် ISTAF WORLD CUP 2024 ပိုက်ကျော်ခြင်းပြိုင်ပွဲ သွားရောက်ယှဥ်ပြိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်းကို အသင်းအုပ်ချုပ်သူ ဦးအောင်မျိုးစံမြင့်၊ နည်းပြ ဦးအောင်ချိုမြင့်နှင့် အားကစားသမား ၁၂ ဦးတွင် နောက်ထိန်းများအဖြစ် ထူးအောင်ကျော်၊ သန့်ဇင်ထွန်း@ဓာတ်လုံး၊ မင်းသန့်သူနှင့် ဝင်းကျော်တို့ ရွေးချယ်သွားပြီး လစ်များအဖြစ် ဝင်းဇော်ဇော်ဦး@တရုတ်ကြီး၊ ဇင်ကိုကို၊ ဇင်မင်းဦး@အားဒစ်၊ အောင်မျိုးကျော်@မျိုးလေး နှင့် ဖိုက်တာအဖြစ် ရှိန်းဝဏ္ဏဇော်@ရှိန်းလေး၊ စစ်လင်းထွဋ်၊ ဖေငြိမ်းချမ်း၊ ရန်ပိုင်ဦး@ကျောင်းတိုက် တို့ကို ရွေးချယ်ယှဥ်ပြိုင်စေခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် ယခုသွားရောက်ယှဥ်ပြိုင်ခဲ့သည့် World Cup 2024 ပြိုင်ပွဲကြီးသည် ယခင်ကျင်းပခဲ့ဖူးသောပြိုင်ပွဲများထက် ထူးခြားသည့်အချက်တစ်ခုရှိနေခဲ့ပြီး ထိုအချက်သည် ပြိုင်ပွဲဝင်အသင်းများ၏ ရလဒ်နှင့်​ကစားသမားများ၏ အရည်အသွေးပေါ်မူတည်၍ နိုင်ငံများအား ခြင်းလုံးပြိုင်ပွဲအလိုက် Rank အဆင့်သတ်မှတ်သည့်ပြိုင်ပွဲကြီးတစ်ခုလည်းဖြစ်သည်။

နိုင်ငံပေါင်း (၂၀)ကျော်ပါဝင်ယှဥ်ပြိုင်ခဲ့ပြီး Premier နှင့် Division ဟူ၍ ခွဲခြားယှဥ်ပြိုင်ကြရာ မြန်မာ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား စသည့် ပိုက်ကျော်ခြင်း ထိပ်တန်းနိုင်ငံများ၏ အကောင်းဆုံးလက်ရွေးစင်အသင်းများသည် Premier တန်းတွင် ယှဥ်ပြိုင်ကြ၍ Rank သတ်မှတ်မည်ဖြစ်သည့်အတွက် ယခင်ပြိုင်ပွဲများကဲ့သို့ မိမိတို့အားသာသည့် Event ကို ရွေးချယ်ယှဥ်ပြိုင်ခွင့်မရှိဘဲ Event အားလုံးကို ယှဥ်ပြိုင်ခဲ့ကြရသည်။

မြန်မာနိုင်ငံသည် Premier အတန်းတွင် ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ စင်ကာပူ၊ ဗီယက်နမ်တို့နှင့် ယှဥ်​ပြိုင်ရပြီး ဆီမီးဖိုင်နယ်ကို Double Event နှင့် Regu Event တို့တွင် မလေးရှားကို ရှုံးနိမ့်၍ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားတို့နှင့်အတူ ပူးတွဲ တတိယသာရခဲ့ကာ အိမ်ရှင် မလေးရှားကမူ ထိုပြိုင်ပွဲနှစ်ခုစလုံး၏ ချန်ပီယံဖြစ်ခဲ့သည်။

ထို့အပြင် Team Regu Event တွင်မူ အင်ဒိုနီးရှားကို ကွာတားဖိုင်နယ်တွင်ပင် ရှုံးနိမ့်ခဲ့၍ ပူးတွဲတတိယနှစ်ဆုသာရရှိခဲ့သော မြန်မာအသင်းမှာ ကမ္ဘာ့အဆင့်တွင် ထိုင်း၊ မလေးရှားတို့နောက်တွင်သာ ရပ်တည်ရဖွယ်ရှိနေပြီး ပြိုင်ပွဲကာလအတွင်း ကမ္ဘာ့အဆင့် (၃) နေရာ ရပ်တည်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *