၂၇.၅.၂၀၂၄
Written by KL
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရေယားကျေးရွာတွင် မေလ ၂၆ ရက် ည ၇ နာရီခွဲခန့်က အာလူးကြော်ပို့သည့် ဆိုင်ကယ်သမားကို ၁၂ ဘီးကားဝင်တိုက်ရာမှ ဆေးရုံသို့တင်ပို့ကုသစဥ် သေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေး ဆောင်ရွက်သူများထံမှ သိရသည်။
ဖြစ်စဥ်မှာ အောင်ပန်းမြို့မှ ကလောမြို့သို့ ဆိုင်ကယ်ဖြင့် အာလူးကြော်ပို့သူ အသက် ၃၁ နှစ်အရွယ် အမျိုးသားမှာ အာလူးကြော်ပို့ပြီး အပြန်တွင် ၁၂ ဘီးကားဖြင့်တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။
ယာဥ်တိုက်ခံရ၍ ဦးခေါင်းတွင် ဒဏ်ရာရရှိသူအမျိုးသားကို ကရုဏာလူမှုကူညီရေးအသင်း(ကလောမြို့)မှ အသင်းဝင်များက လူနာတင်ယာဥ်ဖြင့် ကလောမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ကုသစဥ် သေဆုံးခဲ့ကြောင်း သိရသည်။
“ကားတိုက်ခံရတဲ့သူက ဒဏ်ရာတွေနဲ့ သတိမရတော့ဘူး။ ဆေးရုံကို ပို့ပြီးကုသပေမယ့် သိပ်မကြာဘူး၊ ဆုံးသွားတယ်”ဟု ကယ်ဆယ်ရေးဆောင်ရွက်သူတစ်ဦးက ပြောသည်။