November 1, 2024

၂၇.၅.၂၀၂၄
Written By Zun

ဝိုင်းမော်မြို့နယ်တွင် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သော ကြောင့် အရပ်သား ၃၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း ပရဟိတ လုပ်ကိုင်နေသည့် အဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူက MT News ကို အတည်ပြု ပြောပြသည်။

ဖြစ်စဥ်မှာ ယမန်နေ့ မေလ ၂၆ ရက် ည ၁၁ နာရီ မိနစ် ၄၀ ခန့်က ဝိုင်းမော်မြို့အထိမ်းအမှတ်အဖြစ်စိုက်ထူထားသည့် မောင်းကြီးအနီး နှစ်ဖက်ပစ်ခတ်မှုအတွင်း ပိတ်မိသွားသည့် အတွက် တွဲကားယာဉ်၊ လေးလုံးထိုးယာဉ် သုံးဘီးယာဉ်များနှင့် လိုက်ပါလာသည့် ဘီဘရာကျေးရွာ ငှက်ပျောခြံ ရွှေမှော်လုပ်သားများ လက်နက်ထိမှန်ခဲ့ကြခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ဒဏ်ရာရသူများထဲတွင် အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၂ ဦးမှာ စိုးရိမ်ရကြောင်း၊ အခြား အမျိုးသား၊ အမျိုးသမီး ၁၈ ဦးမှာ စိုးရိမ်ရန်မလိုကြောင်းလည်း သိရသည်။

အလားတူ ယမန်နေ့ မေလ ၂၆ ရက် ည ၁၀ နာရီခန့်ကလည်း ဝိုင်းမော်မြို့နယ် နောင်တာလောကျေးရွာ၊ အုတ်ဖို၌ လက်နက်ကြီးကျည်တစ်လုံးကျရောက်ပေါက်ကွဲခဲ့သောကြောင့် အုတ်ဖိုလုပ်သားမိသားစုများဖြစ်ကြသည့် ကိုကျော်သူနှင့် ဇနီး၊ အသက် ၈ နှစ်အရွယ် သမီး၊ အသက် ၄ နှစ်အရွယ်သားအပါအဝင် မိသားစု ၄ ဦးလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့သောကြောင့် မြစ်ကြီးနားမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်းလည်း သိရသည်။

“အကြောင်းကြားလာတာကြောင့် သွားပြီး ကူညီခဲ့တာ။ နောင်တာလောကျေးရွာက ပရိဟိတအဖွဲ့တွေအပြင် အခြားအဖွဲ့လည်း ပါဝင်ပူးပေါင်းကူညီကြတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေကို ဝိုင်းမော်ဆေးရုံကို ပို့တယ်။ ဝိုင်းမော်ကနေ မြစ်ကြီးနားဆေးရုံကို ဆက်ပြီး ထပ်လွှဲလို့ အဲဒီကို ပို့ထားရတယ်။ စိုးရိမ်ရသူလည်း ပါတယ်”ဟု အဆိုပါအသင်း ဥက္ကဋ္ဌက MT News ကို မေလ ၂၇ ရက် ညနေပိုင်းက ပြောသည်။

ဝိုင်းမော်မြို့နယ်အတွင်းတွင် တပ်မတော်နှင့် KIA-PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားလျက် ရှိကြောင်း ၊ ယနေ့ မေလ ၂၇ ရက်တွင် အဆိုပါဒေသမှ ဒေသခံများကို ရွှေ့ပြောင်းနေထိုင်ရန် အသိပေးထားကြောင်းလည်း MT News တွင် ယမန်နေ့က ဖော်ပြခဲ့ပြီး ဖြစ်သည်။

ပုံစာ။ နှစ်ဖက်ပစ်ခတ်မှုကြား ဒဏ်ရာများရရှိခဲ့ ဘီဘရာရွာမှလုပ်သားများနှင့် နောင်တာလောမှ မိသားစုမြင်ကွင်း။

Leave a Reply

Your email address will not be published. Required fields are marked *