၂၇.၅.၂၀၂၄
Translated by Htwe Ko Tun
တောင်တရုတ်ပင်လယ်အတွင်း တရုတ်အစိုးရက လေးလကြာ ငါးဖမ်းခွင့်မပြုရဟု တစ်ဖက်သတ် ပိတ်ပင်သတ်မှတ်ခဲ့ခြင်းအပေါ် ဖိလစ်ပိုင်အစိုးရက သဘောမတူကန့်ကွက်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
တရုတ်အစိုးရ၏ နှစ်စဉ်အဆိုပါ တောင်တရုတ်ပင်လယ်အတွင်း ငါးဖမ်းခွင့်ပိတ်ပင်သတ်မှတ်မှုက တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုအခြေအနေများကို ပိုမိုမြင့်တက်စေမည်ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် အချုပ်အခြာအာဏာအခွင့်အရေးများကို ချိုးဖောက်စော်ကားမှုများအား ရပ်တန်းကရပ်ရန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုခဲ့သည်။
တရုတ်အစိုးရက တောင်တရုတ်ပင်လယ်ပြင်အတွင်း နှစ်စဉ်လိုပင် ပြုလုပ်တတ်သော ငါးဖမ်းခွင့်ပိတ်ပင် သတ်မှတ်မှုက စက်တင်ဘာလကုန်အထိကြာမည်ဖြစ်ပြီး ဖိလစ်ပိုင်ကလည်း ထိုသတ်မှတ်ချက်ကို အမြဲလိုပင် ကန့်ကွက်ခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာကန့်ကွက်စာတစ်စောင်ပို့လျက် ၎င်းတို့ဘက်က သဘောမတူကြောင်းပြောကြားခဲ့ပြီး တရုတ်နိုင်ငံ၏သတ်မှတ်မူက ဖိလစ်ပိုင်နိုင်ငံ ရေကြောင်း သွားလာမှုဇုံများအတွင်းကိုပါ လွှမ်းခြုံသက်ရောက်နေသည်ဟုလည်း ဆိုခဲ့သည်။
ဤသို့တစ်ဖက်သတ်ပိတ်ပင်သတ်မှတ်မှုကြောင့် ဖိလစ်ပိုင်အနောက်ပင်လယ်နှင့် တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုများပို၍မြင့်တက်စေမည်ဟုလည်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောခဲ့သည်။
မနီလာမြို့ရှိ တရုတ်နိုင်ငံသံရုံးကမူ အဆိုပါ ကန့်ကွက်စာအပေါ် တစ်စုံတစ်ရာတုံ့ပြန်ပြောကြားခြင်း မပြုသေးပေ။
Ref-Philstar.com