၂၇.၅.၂၀၂၄
Written By Thandar
မနက်ဖြန် မေလ ၂၈ ရက် ညနေ ၃ နာရီကနေ ည ၈ နာရီအထိ ရန်ကုန်မြို့ Novotel Hotel မှာ မယ်စကြာဝဠာ အလှမယ်ပြိုင်ပွဲကြီးဖြစ်တဲ့ “Miss Universe Myanmar 2024” ရဲ့ National Costume ပြိုင်ပွဲကြီးကိုတော့ မြန်မာနိုင်ငံတစ်ဝန်းက အလှမယ် ၅၂ ဦးက ဝင်ရောက်ယှဥ်ပြိုင်ကြမှာဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်အတွက် လက်ရှိပါဝင်ယှဥ်ပြိုင်ကြမယ့် Miss Universe Yangon North အလှမယ် သက်စံ အန်ဒါဆန်က ဘုရားရှေ့ကခြင်္သေ့ရုပ်ကြီး အခြေခံထားတဲ့ “The Guardian Lion of the Shwedagon Pagoda ” ဝတ်စုံ ၊ Miss Universe Yangon East အလှမယ် ဇင်မိုးပြည့် က “တော်လေးဝဝင် မြတ်သော ကိန္ဒရီ” ဝတ်စုံ၊ Miss Universe Yangon South အလှမယ် ဟန်လေးက “ တိုင်းနေ မဟေသီ ” ဝတ်စုံ ၊ Miss Universe Yangon West အလှမယ် အေးပြည့်ဝေအောင်က “မြန်မာတို့၏ သင်ပုန်း ကြီး”ဝတ်စုံ ၊ Miss Universe KawThaung အလှမယ် ဖြိုးသဥ္ဇာဇော်က “ပင်လယ်ပြင်ရဲ့ သမီးပျို ဆလုံသူ” ဝတ်စုံ၊ Miss Universe Pindaya အလှမယ် Arr Put က “စိတ်အမှတ်ကြီးတဲ့ ပင့်ကူဘဝ” ဝတ်စုံ ၊ Miss Universe Thaton အလှမယ် နေနွယ်ဝင်းက “မိဖုရား သုဓမ္မာ ဒေဝီနှင့် မနုဿသီဟ” ဝတ်စုံ ၊ Miss Universe Mandalay အလှမယ် သျှားနှင်းဆီ “ရွှေစာရံရဲ့သမီးပျို”ဝတ်စုံ၊ Miss Universe Pyay အလှမယ် မြတ်စုမွန်က “ဉာဏ်ရိုးမီးပူဇော်ပွဲ” ဝတ်စုံ၊ Miss Universe Sittwe အလှမယ် အေးချမ်းမြင့်မိုရ်က “နဝရူပ ဗျာလ်(ခ) လာဘ်ကောင်ဗျာလ် “ဝတ်စုံ ၊ Miss Universe Taungoo အလှမယ် ဟေ သန္တာမြတ်က “မဟာသီရိဇေယျသူရ ဘွဲခံ မင်းကြီးညို၏ မိဖုရားခေါင်ကြီး စိုးမင်းထိပ်တင်”ဝတ်စုံ၊ Miss Universe Innwa အလှမယ် နေခြည်သစ်ဝေက “ဒေဝစ္ဆရာပျိုအလှကညာ” ဝတ်စုံတွေ တချို့က ရေပန်းစား လူကြိုက်များလျက်ရှိတာလည်းဖြစ်ပါတယ်။
National Costume အမျိုးသားဝတ်စုံပြိုင်ပွဲကြီးမှာ ဒိုင်လူကြီးတွေအနေနဲ့ Makeup Artist တိုးတိုး၊ ဒီဇိုင်နာ မပုံ့ ၊ ဒီဇိုင်နာ ပြည်စိုးအောင်၊ ဒီဇိုင်နာ ငြိမ်းကို ၊ ဒီဇိုင်နာ မေမြတ်ဝါဆို ၊ ဒီဇိုင်နာ ဥမ္မာကျော် ၊ ဖက်ရှင်ဒီဇိုင်နာ အိပွင့်ဖြူ ၊ ဖက်ရှင်ဒီဇိုင်နာ ပြည့်ဖြိုး ၊ ဒီဇိုင်နာ ဒေါက်တာ သဇင်ခင်နဲ့ ဒီဇိုင်နာ ရွှေလဝန်းတို့က အကဲဖြတ်ပြီး Best National Costume Award အမှတ်ပေးကြမှာဖြစ်ပါတယ်။ ပွဲကို ကြွရောက်ချီးမြှင့်ကြတဲ့ ဧည့် သည်တွေက မဲပေးရွေးချယ်မယ့် Popular Choice Award တို့ကိုလည်း ချီးမြှင့်ပေးသွားမှာဖြစ်ပါတယ်။
ဒါ့အပြင် ကြွရောက်ချီးမြှင့် ကြတဲ့ ဧည့်သည်တော်တွေထဲက Best Fashion Award ကျား ၊ မ တို့ကိုလည်း အမှတ်တရချီးမြှင့်ပေးသွားမှာဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်က ကျင်းပခဲ့တဲ့ Miss Universe Myanmar 2023 ပြိုင်ပွဲကြီးရဲ့ National Costume မှာ ဟားခါး မြို့နယ် ကိုယ်စားပြုအလှမယ် ယွန်းမေအောင်နဲ့ ပုသိမ်မြို့ကိုယ်စားပြုအလှမယ် နိုနိုမေတို့က The Best National Costume ဆုတွေရရှိခဲ့ကြပါတယ်။ Miss Universe Myanmar 2024 ရဲ့ Grand Final ပွဲကြီးကို လာမယ့် ဇွန်လ ၇ ရက်နေ့မှာ ကျင်းပသွားမှာလည်း ဖြစ်တယ်လို့ သိရပါတယ်။