◼️ တိုက်ခိုက်မှုတွင် ဟားမားစ်အဆင့်မြင့်တပ်မှူးနှစ်ဦးသေဆုံးဟု အစ္စရေးစစ်ဖက်က ကြေညာ
၂၇.၅.၂၀၂၄
Translated by Htwe Ko Tun
ဂါဇာကမ်းမြောင်ဒေသ၏တောင်ပိုင်းရှိ ရာဖာမြို့အတွင်း စစ်ပြေးဒုက္ခသည်များ နေထိုင်ရာစခန်းတစ်ခုကို မေလ ၂၆ ရက်တွင် အစ္စရေးတို့က လေကြောင်းမှတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ အနည်းဆုံး ၃၅ ဦးသေဆုံးခဲ့ရကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ဂါဇာဒေသ ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ပါလက်စတိုင်းဝန်ကြီးဌာနက သေဆုံးဒဏ်ရာရသူများတွင် အမျိုးသမီးများနှင့် ကလေးသူငယ်အများစုဖြစ်ကြကြောင်းလည်း ပြောခဲ့သည်။ ၎င်းကထုတ်ပြန်ခဲ့သောကြေညာချက်တစ်ရပ်၌ ရာဖာမြို့တွင် သေဆုံးသူများနှင့် ဒဏ်ရာရသူများအတွက် ဆေးရုံများ အလုံအလောက်မရှိကြောင်းနှင့် သူနာတင်ယာဉ်ပို့ဆောင်သူများအဖို့လည်း ၎င်းတို့ကို မည်သည့်နေရာသို့ ပို့ဆောင်ရမည်ကို အခက်အခဲများဖြစ်နေရကြောင်း ဖော်ပြခဲ့သည်။
ဂါဇာဒေသအရာရှိများနှင့် လခြမ်းနီအဖွဲ့တို့က အိုးအိမ်စွန့်ခွာထွက်ပြေးလာသူများနေထိုင်ကြသည့် စခန်းတစ်ခုကို အစ္စရေးတို့၏လေကြောင်းတိုက်ခိုက်မှုက တိုက်ရိုက်ထိမှန်ခဲ့ခြင်းဖြစ်၍ အရပ်သားများသာ သေဆုံးဒဏ်ရာရခဲ့ကြကြောင်းလည်း ပြောကြားခဲ့ကြသည်။ ဗီဒီယိုများ၌လည်း မီးသတ်တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခံရသောစခန်းတွင် မီးများလောင်ကျွမ်းနေသည်ကို ငြှိမ်းသတ်နေသည်ကို တွေ့ကြရသည်။
သို့သော် အစ္စရေးစစ်ဖက်ကလည်း ၎င်းတို့၏ ရာဖာမြို့ကို မေလ ၂၆ ရက်က လေကြောင်းတိုက်ခိုက်မှုတွင် ဟားမားစ်တို့၏ အဆင့်မြင့်တပ်မှူးနှစ်ဦးသေဆုံးခဲ့ကြောင်း ကြေညာခဲ့သည်။ ၎င်းက ဂါဇာဒေသအတွင်း ပါလက်စတိုင်းဒုက္ခသည်စခန်းရှစ်ခုအနက် တစ်ခုလည်းဖြစ်သော တာလ်အာလ် ဆူလတန်စခန်းကို အတိအကျထောက်လှမ်းရေးသတင်းများအရ တိုက်ခိုက်ခဲ့ကြောင်းပြောခဲ့သည်။
Ref- CNN