၂၇.၅.၂၀၂၄
Written By Thandar
ဂီတလမ်းကြောင်းပေါ်မှာ ပရိသတ်အားပေးချစ်ခင်မှုတွေ များစွာရရှိထားသလို သရုပ်ဆောင်ပိုင်းမှာလည်း ပရိသတ်အား ပေးမှု ဆက်လက်ရရှိနေတဲ့ အဆိုတော် သရုပ်ဆောင် ရဲရင့်အောင်ကတော့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးဖို့အတွက် ဝိတ်ချနေရတယ်လို့ ဆိုပါတယ်။
“ကျွန်တော် ရုပ်ရှင်ဇာတ်ကားကြီးအတွက် လက်ရှိ ဝိတ်ချနေရတာပါ။ ကျွန်တော်က အမှန်တော့ ဝိတ်တင်ချင်တာပါ။ ဝိတ်တင်လိုက်တာ ပြန်ကျသွားတာလေ။ အခုက အစာအိမ်က နည်းနည်းပြန်ကောင်းလာပြီမို့ ပုံမှန်လေးဖြစ်အောင် ကြိုးစားနေပါတယ်။ ကိုယ်တိုင်လည်း Fit ဖြစ်အောင် ကြိုးစားနေပါတယ်။ ရက်ရှည်ဆိုတော့ အစာအိမ်က ဂရုစိုက်မှာပါ”လို့ အဆိုတော် သရုပ်ဆောင် ရဲရင့်အောင်ကပြောပါတယ်။
သူဟာကတော့ လက်ရှိ စူပါဟီးရိုး ရုပ်ရှင်ဇာတ်ကား၊ ခြောက်ခြောက်ကြမ်းကြမ်း ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးနေသလို မကြာခင်မှာ ရုံတင်ပြသမယ့် “လာခေါ်သူ“ ရုပ်ရှင်ဇာတ်ကားကြီးမှာ အကယ်ဒမီ နေတိုး၊ သံသာမိုးသိမ့် စတဲ့သူတွေနဲ့အတူ ပါဝင်ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ဂီတပိုင်းနဲ့ ပတ်သက်ပြီး ရဲရင့်အောင်က အဖွဲ့လိုက်သီချင်းခွေမှာ အဆွေးသီချင်းတွေ မပါသလို တစ်ကိုယ်တော်ခွေ ထွက်ဖို့ရှိရင်တော့ အဆွေးသီချင်းတွေ များစွာပါဝင်မယ်လို့ သိရပါတယ်။
“ကျွန်တော်အနေနဲ့ အဖွဲ့လိုက်သီချင်းတွေက အဆွေးမုဒ်သိပ်မပါဘူး။ တစ်ကိုယ်တော်သီချင်းမှာကတော့ အဆွေးသီချင်းတွေများမှာပါ။ တစ်ကိုယ်တော်သီချင်းတွေက ထွက်ချင်ပါတယ်။ ဒါပေမယ့် မထွက်နိုင်သေးပါဘူး။ အဖွဲ့လိုက်သီချင်းတွေကတော့ အစအဆုံး ကိုယ်တိုင်အားစိုက်စရာမလိုဘူး။ အပိုဒ်လိုက်ပဲ ပုံဖော်ကြတာမို့ ရေးမယ်ဆိုလည်း ကိုယ့်အပိုဒ်ကိုယ်ရေးပေါ့။ ဝင်ဆိုကြရတယ်။ ခုနောက်ပိုင်း တက်သစ်စကလေးတွေ ရေးတဲ့အပိုင်းတွေကို ပြန်လေ့လာရတာရှိတယ်။ တစ်ယောက်ထဲ Solo ပိုင်းကတော့ အကုန်အားစိုက်ထုတ်မှ အဆင်ပြေတာပါ” လို့ သူက ဆက်ပြောပါတယ်။