November 1, 2024

◾️ အခေါက်ရွှေဝယ်ယူမရဘဲ ရောင်းချမည့် ရွှေပမာဏအပေါ်မူတည်၍ ဈေးနှုန်းဖွင့် ဝယ်ယူခြင်းကိုသာ ပြုလုပ်နေ

၂၇. ၅. ၂၀၂၄
Written by Ye Kyaw

ရွှေဈေးနှုန်းတည်ငြိမ်ကျဆင်းစေရန်အတွက် ရွှေရောင်းဝယ်မှုကို ရပ်ဆိုင်းခြင်းမျိုးလုပ်ဆောင်သွားရန် အစီအစဉ်မရှိဘဲ လက်ရှိတွင် ရန်ကုန်တိုင်းရွှေအသင်းနှင့် ရွှေဆိုင်များမှ အခေါက်‌‌ရွှေတစ်ကျပ်သား ကျပ်သိန်း ၄၀ ဖြင့် ရောင်းချပေးနေကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ဥက္ကဋ္ဌ ဦးမျိုးမြင့်က MT News သို့ ပြောသည်။

ပြည်တွင်းရွှေဈေး ကျပ် ၅၂ သိန်းနီးပါးအထိ မြင့်တက်နေ၍ ရွှေစျေးနှုန်းတည်ငြိမ်ကျဆင်းစေရေးအတွက် မန္တလေးတိုင်း ရွှေအရောင်းအဝယ်ရွှေစျေးကွက်အား ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းမှ မေလ ၂၃ ရက်တွင် အသိပေးကြေညာခဲ့ပြီးနောက် ရန်ကုန်တိုင်းအတွင်း ယင်းကဲ့သို့ ဆောင်ရွက်သွားရန် အစီအစဉ် ရှိ/မရှိအား ဆက်သွယ်မေးမြန်းမှုအပေါ် အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ရန်ကုန်အသင်းက နဂိုကလည်း ပိုမ‌ရောင်းပါဘူး။ တို့ ဒီမှာက သိန်း ၄၀ နဲ့ရောင်းနေတာ။ ဆိုင်တွေလည်း သိန်း ၄၀ နဲ့ ရောင်းတာ။ တို့ကမရပ်ပါဘူး။ ရောင်းပေးနေတာပဲ။ ကြိုက်တဲ့ဆိုင်မှာ သွားဝယ်လို့ရတယ်။ ကျွန်တော်တို့ကတော့ ပုံမှန်အတိုင်းပဲ ပိတ်တာတွေဘာတွေမရှိဘူး။ သိန်း ၄၀ နဲ့ပဲ ရောင်း‌ပေးနေတာပဲ။ ကျန်တာကတော့ လေပတ်ကားဈေးတွေပါ။ အဲဒါတွေလည်း မနေ့က စာထွက်လာပြီလေ။ ဖမ်းမယ်ဆိုတာ။ အခုနောက်ထပ်လည်း ထပ်ပြီးတော့လာဦးမယ်” ဟု ဦးမျိုးမြင့်က ပြောသည်။

သို့သော် လက်ရှိအချိန်တွင် ရွှေဆိုင်များအရှေ့ အခေါက်ရွှေအတုံး အရောင်းအဝယ်အား ရပ်ဆိုင်းထားကြောင်း ဆိုင်းဘုတ်များ ချိတ်ဆွဲ၍ အခေါက်ရွှေရောင်းချမှုကို ရပ်ဆိုင်းထားပြီး ဝယ်ယူခြင်းကိုမူ ဆိုင်ရောက်မှ ရောင်းချမည့် ရွှေပမာဏအပေါ်မူတည်၍ ဈေးနှုန်းဖွင့် ဝယ်ယူ‌ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

“ရောင်းတာကတော့ရတယ်။ တစ်ခုတော့ရှိတယ်။ ဈေးဖွင့်မှ ရောင်းလို့ရမှာ။ ဈေးပိတ်ထားရင်တော့ ဝယ်ပေးလို့တော့မရဘူး။ လောလောဆယ်တော့ ဈေးပိတ်ထားတယ်။ ဆိုင်ခွဲတွေမှာ တစ်ချက်တော့ သွားမေးကြည့်လိုက်။ တစ်ချိန်နဲ့တစ်ချိန် မတူဘူး။ ဈေးနှုန်းကတော့ ရောက်မှပဲသိလိမ့်မယ်။ ရောက်မှ ရောင်းချမယ့်အလေးချိန်အပေါ်မူတည်ပြီးတော့ ဈေးဖွင့်လားပိတ်လားဆိုတာ ပြန်မေးပေးမှရမယ်” ဟု နာမည်ကြီးရွှေဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တရားဝင်နိုင်ငံခြားငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်မရှိဘဲ အွန်လိုင်းပေါ်တွင် ရောင်းဝယ်လဲလှယ်နေသည့် Facebook Page နှင့် အင်တာနက်စာမျက်နှာ ၁၆ ခုအား ထပ်မံအရေးထားပြီး ပြည်တွင်းသာမက ပြည်မှ တရားမဝင် ရောင်း/ဝယ်နေသည့် Page များကိုပါ အရေးယူနိုင်ရန် သက်ဆိုင်ရာနိုင်ငံများ၏ ဗဟိုဘဏ်များနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ဗဟိုဘဏ်က မေလ ၂၆ ရက် (ယမန်နေ့)က ထုတ်ပြန်ထားသည်။

ထို့အတွက် လက်ရှိတွင် ရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများ ဖော်ပြနေသည့် Viber Group၊ Facebook Page၊ Application များတွင် ဈေးနှုန်းများ ဖော်ပြထားခြင်းမရှိတော့ဘဲ မေလ ၂၄ ရက် သောကြာနေ့တွင် ပြည်တွင်းရွှေဈေးနှုန်း အခေါက်ရွှေတစ်ကျပ်သား ကျပ် ၅၁ သိန်းခွဲဖြင့် ဖော်ပြခဲ့ပြီးနောက် ဈေးနှုန်းများ ဖွင့်လှစ်ဖော်ပြထားခြင်းမရှိကြောင်း တွေ့ရှိရသည်။

တစ်အောင်စလျှင် ဒေါ်လာ ၂၄၅၀ ခန့်အထိ မြင့်တက်ခဲ့သော ကမ္ဘာ့ရွှေဈေးသည် လက်ရှိတွင် ဒေါ်လာ ၂၃၃၅ သို့ ပြန်လည်ကျဆင်းခဲ့သောကြောင့် ပြည်တွင်းရွှေဈေး ပြီးခဲ့သည့် သောကြာနေ့တွင် ဖြစ်ပေါ်ခဲ့သည့် ကျပ် ၅၁ သိန်းခွဲအောက်သို့ ကျဆင်းရလာရမည်ဖြစ်သော်လည်း သိသိသာသာ ကျဆင်းမှုမရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *