၂၇. ၅. ၂၀၂၄
Written by Nay Moe
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ဖလံအိုကျေးရွာတိုက်ပွဲမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပစ်ခတ်မှုကြောင့် ပြည်သူ့လွတ် မြောက်ရေးတပ်မတော်(People’s Liberation Army-PLA) အဖွဲ့ရဲ့ နိုင်ငံရေးမှူး ကျည်ထိသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်က မေလ ၂၆ ရက် နံနက်ပိုင်းက ပခုက္ကူမြို့ အနောက်တောင်ဘက်မှာရှိတဲ့ ဖလံအိုကျေးရွာက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို PLA ပါဝင်တဲ့ ပခုက္ကူ PDF ပူးပေါင်းအဖွဲ့က လာရောက်တိုက်ခိုက်ချိန် လုံခြုံရေးတပ်ဖွဲ့တွေဘက်က စစ်ကူထပ်မံရောက်ရှိလာတာကြောင့် PDF တွေ ဆုတ်ခွာပြေးလို့ လိုက်လံရှင်းလင်းရာမှာ PLA အနောက်မြောက်စစ်ဒေသရဲ့ ပါတီကလာပ်စည်းဝင်ဖြစ်သလို အမှတ် (၈၁၅) PLA တပ်ဖွဲ့ရဲ့ နိုင်ငံရေးမှူးလည်းဖြစ်တဲ့ ထွန်းနိုင်(ခ) အောင်သူရဟာ ဦးခေါင်းကျည်ထိမှန်ပြီး သေဆုံးသွားတာပါ။
မကွေးတိုင်း ပခုက္ကူမြို့နယ်မှာ ဒီရက်ပိုင်းတွေထဲ PDF တွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ထိတွေ့မှုများပြားနေသလို ပြီးခဲ့တဲ့ မေလ ၂၅ ရက် မနက်ပိုင်းကလည်း ပခုက္ကူမြို့နယ်ထဲက မြို့စိုးကျေးရွာအုပ်စု၊ ချမ်းသာကြီးရွာက PDF စခန်းကိုဝင်ရောက်ရှင်းလင်းရာမှာ PDF ၆ ဦးကို အလောင်း၊ လက်နက်တွေနဲ့ ဖမ်းမိးခဲ့တယ်လို့လည်း သိရပါတယ်။