November 1, 2024

၂၇.၅.၂၀၂၄
Translated by Htwe Ko Tun

ကာတာလေကြောင်းလိုင်းမှ ဘိုးရင်း ၇၈၇-၉ Dreamliner ခရီးသည်တင်လေယာဉ်တစ်စီးသည် ပျံသန်းမှု ခရီးစဉ် QR017 အရ ကာတာနိုင်ငံ ဒိုဟာမြို့မှ အိုင်ယာလန်နိုင်ငံ ဒပ်ဘလင်‌မြို့သို့ပျံသန်းလာစဉ် တူရကီနိုင်ငံပေါ်၌ ပြင်းထန်သော လေဝဲဂယက်စီးကြောင်းတစ်ခုဖြင့် ကြုံတွေ့ခဲ့ရသဖြင့် လေယာဉ်ပေါ်ပါ ခရီးသည်ခြောက်ဦးနှင့် လေယာဉ်ဝန်ထမ်းခြောက်ဦး စုစုပေါင်း ၁၂ ဦးဒဏ်ရာရခဲ့သော်လည်း ဒေသစံတော်ချိန် မေလ ၂၆ ရက်၊ ဒေသစံတော်ချိန် ၁ နာရီတွင် မူလခရီးစဉ်အတိုင်း ဒပ်ဘလင်မြို့သို့ ဆင်းသက်နိုင်ခဲ့ကြောင်း သိရသည်။

ကာတာလေကြောင်းလိုင်းလေယာဉ်အား ဒပ်ဘလင်မြို့သို့ဆင်းသက်စဉ်တွင် အရေးပေါ်မီးသတ်တပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များက အဆင်သင့်စောင်ဆိုင်းနေခဲ့ကြသည်။ ဒဏ်ရာရသူ ၁၂ ဦးအနက် ရှစ်ဦးကို ဆေးရုံတွင် တင်ပို့ကုသခံစေခဲ့ကြောင်းလည်း ဒပ်ဘလင်လေဆိပ်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

လေယာဉ်ပေါ်၌ ခရီးသည်များအား အစားအစာများ၊ အဖျော်ယမကာများဖြင့် ပြုစုနေစဉ် ထိုကဲ့သို့ဖြစ်ခဲ့ခြင်းဖြစ်ကြောင်းသိရပြီး လေယာဉ်က စက္ကန့် ၂၀ ခန့်ကြာအောင် အနိမ့်သို့ထိုးကျသွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့်လည်း ခရီးသည်များအတွက် သယ်ဆောင်လာသော အစားအစာများက လေထဲတွင်လွင့်ပျံကာ အချို့မှာလည်း လေယာဉ်ပေါ်တွင် မျက်နှာကြက်နှင့်ပြေးဆောင့်မှုများ၊ လဲပြိုမှုများဖြစ်ခဲ့ရာ ခရီးသည်များအကြား စိုးရိမ်ထိတ်လန့်မှုများဖြစ်ခဲ့ကြရသည်။

ထိုဖြစ်ရပ်က လန်ဒန်မှ စင်ကာပူသို့ပျံသန်းလာသော စင်ကာပူလေကြောင်းလိုင်းလေယာဉ်က မြန်မာနိုင်ငံ၊ ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသတွင် အလားတူ လေဝဲဂယက်စီးကြောင်းတစ်ခုနှင့် မေလ ၂၁ ရက်က ကြုံတွေ့ခဲ့ရပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ အရေးပေါ်ဆင်းသက်ခဲ့ရမှုဖြစ်ပွားခဲ့ပြီးနောက် တစ်ပတ်မပြည့်မီမှာပင် ထပ်မံဖြစ်ပွားခဲ့ခြင်းလည်းဖြစ်သည်။

ကာတာလေကြောင်းလိုင်းက ထုတ်ပြန်သော ကြေညာချက်တစ်ရပ်တွင်လည်း ဒဏ်ရာရရှိသူများအား အထူးအလေးထား၍ ဆေးကုသမှုပေးလျက်ရှိကြောင်းနှင့် ဖြစ်ရပ်ကိုစုံစမ်းစစ်ဆေးမှုများပြုနေကြောင်း ဖော်ပြခဲ့သည်။

Ref- bbc

Leave a Reply

Your email address will not be published. Required fields are marked *