October 23, 2024

MT News

Written by Nay Aung

အမေရိကန်နိုင်ငံ မြောက်ကိုရိုလိုင်းနားပြည်နယ်ရှိ ထီဆိုင်တစ်ဆိုင်ဟာ နိုဝင်ဘာ ၉ ရက်က ထီဆု ထုတ်ပြန်ခဲ့ရာမှာ အသက် ၂၈ နှစ်အရွယ်ရှိ ဘရမ်ဒါဟာနန်ဒက်ဇ် အမည်ရှိ အမျိုးသမီးတစ်ဦးက ထီဆုကြီးပေါက်ခဲ့သလို သမီးငယ်လေးကိုလည်း အောင်မြင်စွာမွေးဖွားနိုင်ခဲ့တာကြောင့် တစ်ရက်တည်းမှာ ကံကောင်းမှုနှစ်ခုကို အံအားသင့်ဖွယ်ရရှိခဲ့တယ်လို့ သိရပါတယ်။

အိမ်ထိန်းအလုပ်လုပ်ကိုင်နေတဲ့ ဟာနန်ဒက်ဇ်အတွက်တော့ ကလေးမွေးတဲ့နေ့မှာပဲ ထီဆုကြီးပေါက်ခဲ့တာက အလွန်ကံထူးတဲ့ဖြစ်ရပ်လို့ ချီးကျူးပြောဆိုတာမျိုးတွေရှိနေပါတယ်။ အဆိုပါအမျိုးသမီးဟာ Concord မြို့ရှိ QuikTrip စတိုးဆိုင်ကနေ Powerball ထီလက်မှတ်တစ်စောင်ကို အမေရိကန်ဒေါ်လာ ၃ ဒေါ်လာ နဲ့ ဝယ်ယူထားခဲ့တာဖြစ်ပြီး ထီထွက်တဲ့နေ့မှာပဲ ကလေးမီးဖွားခဲ့ရပါတယ်။ သမီးလေးကို အောင်မြင်စွာမွေးဖွားခဲ့ပြီးနောက် နာရီပိုင်းအကြာမှာပဲ ဒေါ်လာ ၁ သိန်းတန်ဖိုးရှိ ထီဆုကြီး ကို ပေါက်နေခဲ့တာဖြစ်ကြောင်း အမေရိကန်မီဒီယာတွေက ဖော်ပြပါတယ်။

ဘရမ်ဒါ ဟာနန်ဒက်ဇ်အမည်ရှိ အမျိုးသမီးဟာ သားနှစ်ဦးကိုမွေးဖွားခဲ့ပြီး သမီးမိန်းကလေးတစ်ဦး ထပ်မံမွေးဖွားခဲ့တာဖြစ်တယ်။ ဟာနန်ဒက်ဇ်က ထီပေါက်ခြင်းနဲ့ပတ်သက်ပြီး သူရဲ့သားငယ်လေးနှစ်ဦးကို ချီးကျူးဂုဏ်ယူနေသလို ထီထိုးရာမှာ သားနှစ်ဦးရဲ့မွေးနေ့ရက်တွေကို အခြေခံပြီးရွေးချယ်ထိုးလေ့ရှိကြောင်း သိရပါတယ်။

ကံကောင်းစွာနဲ့ပဲ သူရဲ့သားနှစ်ဦးရဲ့မွေးနေ့ကို အခြေခံရွေးချယ်တဲ့ ထီနံပတ်တွေက သူ့ကို ဒေါ်လာ ၅၀,၀၀၀ ထီဆုပေါက်စေခဲ့ပြီး သူ့ရဲ့ထီက 2X Power Play ဖြစ်တဲ့အတွက် ထီဆုက နှစ်ဆဖြစ်ကာ ဒေါ်လာ ၁၀၀,၀၀၀ ရရှိခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ဘရမ်ဒါ ဟာနန်ဒက်ဇ်က “သမီးလေးက ကျွန်မဆီ ကံကောင်းမှုတွေယူဆောင်လာသလို ခံစားရတယ်။ ကျွန်မ ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်မ ထီပေါက်တာသိလိုက်ရတော့ အရမ်းစိတ်လှုပ်ရှားပြီး ပျော်ရွှင်တဲ့အတွက် ငိုမိခဲ့တယ်”လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဟာနန်ဒက်ဇ်ဟာ ထီဆုငွေကို နိုဝင်ဘာ ၃၀ ရက်က လာရောက်ထုတ်ယူခဲ့ရာ အခွန်ဆောင်ပြီးနောက် ဒေါ်လာ ၆၅၀၁၅ ရရှိသွားခဲ့ပြီး ထီဆုငွေကြေ ငွေကြေးအများအပြားကို သူ့အိမ်အတွက် ငွေပေးချေဖို့ အသုံးပြုသွားမယ်လို့ ဘရမ်ဒါ ဟာနန်ဒက်ဇ်က ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref, Fox news ၊ People

Leave a Reply

Your email address will not be published. Required fields are marked *