November 1, 2024

၂၆.၅.၂၀၂၄
Written by KL

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့နယ်၊ ရပ်ကွက်(၃)၊ အေးမြင့်သာယာနယ်မြေရှိ နေအိမ်တစ်လုံးတွင် မေလ ၂၅ ရက် ညနေ ၅ နာရီခန့်က ယမ်းထောင်းရာမှ ပေါက်ကွဲမီးလောင်၍ အမျိုးသား ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ရာ အမျိုးသားတစ်ဦးမှာ ယနေ့ မေလ ၂၆ ရက် နံနက်ပိုင်းတွင် သေဆုံးခဲ့ကြောင်း ဒဏ်ရာရသူများကို ကူညီကယ်ဆယ်ရေးလုပ်ဆောင်သူတစ်ဦးက ပြောသည်။

ပေါက်ကွဲမီးလောင်မှုကြောင့် နေအိမ် ၁ လုံး၊ ဆိုင်ကယ်နှင့် ကား ၁ စီး မီးလောင်ဆုံးရှုံးခဲ့ပြီး ယမ်းထောင်းနေသူများဖြစ်သော အသက် ၅၂ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ခန္ဓာကိုယ်အနှံ့တွင် ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“မီးလောင်တာက နာရီဝက်လောက်ကြာတယ်။ ယမ်းထောင်းနေရင်း ပေါက်ကွဲမှုဖြစ်လို့ ၂ ယောက်လုံး တစ်ကိုယ်လုံးနီးပါး မီးလောင်ဒဏ်ရာတွေနဲ့ အတော်ထိတယ်။ အသက်အန္တရာယ်စိုးရိမ်ရတယ်။ တစ်ယောက်ကတော့ ဒီမနက် စဝ်စံထွန်းဆေးရုံမှာပဲ ဆုံးသွားတယ်”ဟု မီးလောင်ပြင်တွင် သွားရောက်ကူညီခဲ့သော ကြက်ခြေနီတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

မီးလောင်မှုကို မီးသတ်ယာဥ် ၈ စီး၊ မြို့နယ်လူမှုကူညီရေးအသင်းအဖွဲ့များ၏ ရေသယ်ယာဥ်များဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့ဝင်များနှင့် ဒေသခံတို့ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မိနစ် ၃၀ အကြာတွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

အောင်ပန်း​မြို့နယ်တွင် ယမ်းထောင်းစဥ်ပေါက်ကွဲမှုဖြစ်၍ နေအိမ်မီးလောင်ကာ လူထိခိုက်မှုမှာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး မေလ ၁၃ ရက်နေ့က အောင်ပန်းမြို့နယ်၊ မင်္ဂလာရပ်ကွက် ဘဲလေးကန်လမ်းရှိ နေအိမ်တစ်လုံးတွင် ရိုးရာမီးလုံး(ဒုံး)ပြုလုပ်ရန်အတွက် ယမ်းထောင်းရာမှ ပေါက်ကွဲ မီးလောင်မှုခဲ့ပြီး အမျိုးသား ၃ ဦး မီးလောင်ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ရာ မေလ ၁၇ ရက်တွင် အသက် ၂၄ နှစ်အရွယ် အမျိုးသား သေဆုံးခဲ့ပြီး မေလ ၂၀ ရက်တွင် အသက် ၅၆ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *