November 2, 2024

◾️ပြည်ပမှ ဝယ်/ရောင်းဆောင်ရွက်နေသည့် Page များကိုပါ အရေးယူနိုင်ရန် ဗဟိုဘဏ်ချင်း ညှိနှိုင်း ဆောင်ရွက်နေ

၂၆. ၅.  ၂၀၂၄
Written by Nyein Kyaw

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုထုတ်ပေးထားသော နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ရရှိ ကိုင်ဆောင်ထားခြင်းမရှိဘဲ နိုင်ငံခြားငွေများအား ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရသည့် Facebook Page နှင့် အင်တာနက်စာမျက်နှာ ၁၆ ခုအား ထပ်မံအရေးယူထားကြောင်း ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အဆိုပါ အဖွဲ့အစည်းများနှင့် ပါဝင်ပတ်သက် ရောင်းဝယ်နေသူများအား အရေးယူဆောင်ရွက်ပြီးဖြစ်သည့်အပြင် ပြည်ပမှ အဝယ်/အရောင်းဆောင်ရွက်နေသည့် Page များ၊ ဖုန်းနံပါတ်များကို သက်ဆိုင်ရာ ဗဟိုဘဏ်များသို့ အကြောင်းကြား၍ အရေးယူဆောင်ရွက်နိုင်ရန် ညှိနှိုင်းလျက်ရှိကြောင်း သိရသည်။

အရေးယူခံရသည့် Facebook Page များနှင့် အင်တာနက်စာမျက်နှာများမှာ ငွေဈေးနှုန်းနှင့်ငွေလွှဲဆိုင် ၊ Moe Latt၊ Si Thu & bro များ ၊ ရန်ကုန်ငွေဈေး ၊ ဒေါ်လာဝယ်ရောင်းတိုက်ရိုက် USD Exchange ၊ ဒေါ်လာရောင်းဝယ်၊ December Snow ၊ June Lin Htet Naing၊ Htet Yan Money Exchange ၊ Global Value Services-GVS Money Exchange and Transfer ၊  Boss Online Money Exchange Services (Family Money Exchange) ၊ Lucky Sky Gold Smith (Facebook Page) ၊  Nay Myo Htet (Facebook Page) ၊ Gold Market Myanmar (Facebook Page) ၊ Ye Mon၊ Naing Lu စသည်တို့ဖြစ်ကြောင်း ဖော်ပြထားသည်။

အထက်ဖော်ပြပါ Facebook Page များနှင့် အင်တာနက်စာမျက်နှာများတွင် တရားမဝင် နိုင်ငံခြားငွေများရောင်းဝယ်၍ ငွေဈေးကစားနေသူများကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၈ နှင့် ၄၂ တို့အပြင် အများပြည်သူအကျိုးကို ထိခိုက်စေသည့်အတွက် ရာဇသတ်ကြီးဥပဒေပုဒ်များဖြင့်ပါ အရေးယူ‌ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ယခုကဲ့သို့သော အဖွဲ့အစည်းများအား ဥပဒေစိုးမိုးရေး အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဖမ်းဆီးဖော်ထုတ် အရေးယူဆောင်ရွက်လျက်ရှိပြီး ထပ်မံ၍လည်း စောင့်ကြည့်အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် တရားဝင်လိုင်စင်ထုတ်ပေးထားပြီး နိုင်ငံခြားငွေများ လဲလှယ်ရောင်းချခွင့်ရှိသည့် ငွေ‌‌ရေးကြေးရေးအဖွဲ့ အစည်းအများ၌သာ လဲလှယ်ရောင်းချဝယ်ယူသွားရန် ထပ်မံအသိပေးထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *