၂၆.၅.၂၀၂၄.
Translated by Htwe Ko Tun
ပါပူးဝါ နယူဂီနီနိုင်ငံမြောက်ပိုင်း၊ အန်ဂါပြည်နယ်အတွင်းတွင် မေလ ၂၄ ရက်နံနက် ဒေသစံတော်ချိန် နံနက် ၃ နာရီတွင်ဖြစ်ပွားခဲ့သော မြေပြိုမှုကြီးတစ်ရပ်ကြောင့် ထိုနယ်မြေအတွင်းမြေထုဖုံးလွှမ်းကာ သေဆုံးရသူဦးရေမှာ ၆၇၀ အထိရှိလာနိုင်ပြီဟုခန့်မှန်းရ၍ အခြေအနေအပေါ် အထူးစိုးရိမ်မိကြောင်း ကုလသမဂ္ဂအရာရှိတစ်ဦးက မေလ ၂၆ ရက်တွင် ပြောခဲ့သည်။
ပါပူးဝါ နယူဂီနီနိုင်ငံအတွင်း အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းနေထိုင်သူများအသင်း၏ အကြီးအကဲဖြစ်သူ ဆာဟန် အက်တိုပရက်က နိုင်ငံ၏မြောက်ပိုင်းတွင် အဆက်အသွယ်မကောင်းမွန်သောကြောင့် အထီးကျန်သကဲ့သို့တည်ရှိနေသော အန်ဂါပြည်နယ်အတွင်း မေလ ၂၄ ရက်နံနက်က ဖြစ်ပွားခဲ့သော မြေပြိုမှုကြီးတွင် သေဆုံးသူဦးရေမှာမူလခန့်မှန်းသည်ထက် များစွာများပြားနေကြောင်းလည်း ပြောကြားခဲ့သည်။
၎င်းက “ဒီအဖြစ်ဆိုးကြီးမှာ အိမ်ပေါင်း ၁၅၀ ကျော်က မြေပြိုမှုအောက်မှာ တစ်ခါတည်းမြေမြုပ်ပြီးသား ဖြစ်ခဲ့ရတယ်လို့ခန့်မှန်းရတယ်။ ပြည်နယ်အတွင်း ကုန်းမြင့်ဒေသတွေမှာဖြစ်ခဲ့တာပဲ။ မြေပြိုချိန်က မနက် သုံး နာရီလောက်ဆိုတော့ ဒေသအတွင်းလူတွေကလည်း အားလုံးလိုလိုအိပ်ပျော်နေကြတုံးမှာဖြစ်ခဲ့ရတာပဲ” ဟုလည်း ပြောကြားခဲ့သည်။
မစ္စတာ အက်တိုပရက်က မြေပြိုမှုကဆက်လက်ဖြစ်ပွားနေသောကြောင့် ကယ်ဆယ်ရေးသမားများမှာလည်း အထူးပင်စွန့်စားလုပ်ကိုင်နေကြရကြောင်း၊ ရေစီးကြောင်းကလည်းပြင်းထန်စွာစီးဆင်းနေ၍ ဒေသအတွင်းရှိနေသူအားလုံးအတွက် အန္တရာယ်ရှိနေကြောင်းပြောခဲ့သည်။ သတင်းများအရ ဒေသအတွင်း နေထိုင်သူ ၄,၀၀၀ နီးပါးမှာလည်း မြေပြိုမှုကြောင့် ထွက်ပြေးခဲ့ကြရကြောင်းသိရသည်။
အနီးအနားနယ်မြေများမှ လူမျိုးစုပဋိပက္ခများကြောင့် ဤနယ်မြေအတွင်း ဝင်ရောက်နေထိုင်ခဲ့ကြသူများ ရှိနေ၍ မြေပြိုမှုကြောင့် သေဆုံးသူဦးရေမှာ မြင့်တက်လာနိုင်ကြောင်းလည်း ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် Care Australia လူသားချင်းစာနာထောက်ထားမှုအဖွဲ့က ပြောခဲ့သည်။ မြေအောက်တွင်မြုပ်နေသူများကို ကယ်ဆယ်ရေးအဖွဲ့များက တုတ်များ၊ ဂေါ်ပြားများနှင့် လယ်ယာလုပ်ငန်းသုံးခရင်းခွများဖြင့် မြေကြီးကိုထိုးဆွ ရှာဖွေနေကြသည်ကိုလည်းတွေ့ကြရသည်။
ဒေသအတွင်းဥယျာဉ်စိုက်ခင်းများမှာလည်းမြေပြိုမှုကြောင့် အားလုံးပျက်စီးကာ အစားအစာနှင့် ရေအထောက်အပံ့များလည်း လိုအပ်လျက်ရှိနေသည်။
Rep- bbc