November 1, 2024

၂၆.၅.၂၀၂၄
Written by KL

ကျောက်တံခါးမြို့နယ်၊ ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၉၀/၂)တွင် ယ​နေ့ (မေလ၂၆ ရက်) မွန်းလွဲ ၁ နာရီခန့်က ကားတစ်စီးတိမ်းမှောက်ခဲ့ရာ မလေးရှားနိုင်ငံသားတစ်ဦး အပါအဝင် သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ဖြစ်စဥ်မှာ ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင်သော Soueast အမျိုးအစား ခဲရောင်မော်တော်ယာဥ်မှာ လမ်းပေါ်တွင်စလစ်ဖြစ်ကာ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဥ်​ကြောသို့ရောက်ရှိကာ တိမ်းမှောက်ခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

“လမ်းပေါ်မှာ ရေတွေရှိတာကြောင့် အရှိန်နဲ့မောင်းလာရင်း စလစ်ဖြစ်သွားတာ။ ယာဥ်မောင်းက သိပ်မထိပေမယ့် ကားပေါ်လိုက်လာတဲ့ မလေးရှားနိုင်ငံသားနဲ့တခြားအမျိုးသား တစ်ယောက်ကတော့ အသက်အန္တရာယ် စိုးရိမ်ရတယ်”ဟု ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူတစ်ဦးက ပြောသည်။

ယာဥ်တိုက်မှုကြောင့် အသက် ၄၄ နှစ်အရွယ် ယာဥ်မောင်းကိုကျော်ဇယျတွင် ရင်ဘတ်အောင့်ဒဏ်ရာ၊ အသက် ၅၂နှစ်အရွယ် အမျိုးသားကြီးတွင် ဦးခေါင်းထိပ်ပေါက်ပြဲဒဏ်ရာနှင့် အသက် ၅၀ အရွယ်မလေးရှားနိုင်ငံသားတွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူများကို မြို့ချောင်းအမြန်လမ်းမီးသတ်စခန်းမှ တပ်ဖွဲ့ဝင် ၅ ဦးက သွားရောက်ကူညီပေးခဲ့ပြီး မြို့ချောင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယာဥ်တိမ်းမှောက်မှုကြောင့် မြို့ချောင်းအမြန်လမ်းရဲစခန်းက ယာဥ်မောင်းကို ပုဒ်မ ၂၇၉၊ ၃၃၈ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *