November 1, 2024

၂၆.၅.၂၀၂၄
Written By Zun

မြစ်ကြီးနား – မန္တလေးလမ်းပိုင်းတွင် ပြေးဆွဲနေသည့်မော်တော်ယာဉ်များကို စစ်ကိုင်းတိုင်း PDF အဖွဲ့က လူခွန်၊ ကားခွန်များ ကောက်ခံသွားမည်ဟု သတိပေးထားကြောင်း မြစ်ကြီးနား – မန္တလေး ပြေးဆွဲနေသည့် ယာဉ်မောင်းများထံမှ စုံစမ်းသိရှိရသည်။

ယင်းအခွန်ကောက်ခံမှုကို လာမည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် စတင်မည် ဖြစ်ကြောင်း၊ ကောက်ခံမည့် အခွန်အမျိုးအစားများမှာ လူခွန် ၊ လိုင်းကားအခွန်၊ အိမ်စီးကားအခွန်တို့ဖြစ်ကြောင်း သိရသည်။

“လူတစ်ယောက်ကို ဘယ်လောက် ကောက်ခံမယ်။ ပြီးတော့ လိုင်းကား၊ အိမ်စီးကား တွေကိုတော့ ဘယ်လောက် ကောက်မယ်ဆိုတာ ဈေး မပြောသေးဘူး။ အခု ကျွန်တော်တို့ ကားသမားတွေကိုတော့ သူတို့ သတ်မှတ်တဲ့ နှုန်းအတိုင်း ပေးရမယ်လို့ပြောလာတယ်။ စာရွက်စာတမ်းနဲ့ ပြောတာ မဟုတ်ဘူး။ ဒါပေမဲ့ သူတို့က ဖြတ်ပိုင်းတွေ လုပ်ပြီး ကောက်မယ်လို့ ပြောတယ်။ အခုက KIA ကိုလည်း ပေးရတယ်လေ။ ကားတွေကို သိန်းဂဏန်းထိ ပေးရတာ” ဟု မြစ်ကြီးနား – မန္တလေးလမ်းပိုင်းတွင် ပြေးဆွဲနေသည့်မော်တော်ယာဉ်မောင်းတစ်ဦးက MT News ကို ပြောသည်။

အများပြည်သူ အသုံးပြုနေသည့် လမ်းပိုင်းများတွင် အဖွဲ့အစည်းတစ်ခုစီတိုင်းက လူခွန်ကောက်ခံခြင်း၊ ယာဉ်ဖြတ် သန်းခ ဂိတ်ကြေးကောက်ခံခြင်းများ ပြုလုပ်နေသည်ကို ယင်းလမ်းပိုင်း အသုံးပြုနေသူများက မနှစ်မြို့ဖြစ်နေ ကြောင်းလည်း အဆိုပါမော်တော်ယာဉ်မောင်းက ပြောသည်။

“လူတွေက ဘယ်လိုကြိုက်မလဲဗျ။ ကျွန်တော်တို့လည်းမပေးချင်ဘူး။ ဒီမှာက ဘယ်သူက ဘယ်လိုအုပ်ချုပ်နေလဲ ဆိုတာလည်း ကျွန်တော်မသိဘူး။ အဖွဲ့တွေကတော့ KIA နဲ့ PDF က ရှိနေတယ်”ဟု ၎င်းက ပြောပြသည်။

ကချင်ပြည်နယ်အတွင်းသို့ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့မှ ကုန်စည်ပို့ဆောင်ရေး ပြေးဆွဲ နေသည့် တွဲကားများ၊ ၁၂ ဘီးယာဉ်ကြီးများ အနေဖြင့်လည်း ဖြတ်သန်းမောင်းနှင်လာသော လမ်းတစ်လျှောက်ရှိ PDF အဖွဲ့များကို ကျည်ဖိုး၊ ဟင်းဖိုး၊ ထမင်းဖိုး၊ ကုန်စည်ကြေး၊ တံတားဂိတ်ကြေး၊ ဘီးခွန်များ ပေးဆောင်ရ၍ ကားတစ်စီးလျင် ကုန်ကျငွေစုစုပေါင်း သိန်းလေးဆယ်နီးပါး ကုန်ကျလျက်ရှိကြောင်း ဒေသခံအချို့ ပြောပြချက်အရ သိရသည်။

ယင်းအပြင် KIO/ KIA လက်နက်ကိုင်အဖွဲ့အနေဖြင့် လက်ရှိတွင် ကချင်ပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်းရှင်များကစ၍ လမ်းဘေးကွမ်းယာဆိုင်ထိ အခွန်ကောက်ခံလျက်ရှိနေကြောင်းလည်း အမည်မဖော်လိုသော ဒေသခံတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းက မန္တလေးမှ မြစ်ကြီးနားထိ ၂၂ ဘီး တွဲကားတစ်စီးလျှင် ယာဉ်ပေါ် ပါလာသည့် ကုန်ပစ္စည်း အခြေအနေပေါ် မူတည်၍ တွဲကားတစ်စီးလျှင် ကျပ်သိန်း ၂၀ ကျော်မှ ကျပ်သိန်း ၅၀ ထိ ပေးဆောင်ခဲ့ရသူများ ရှိခဲ့သေးသည်။

KIA/PDF အဖွဲ့များ ဆက်ကြေးကောက်ယူသည့်နေရာမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသ ကြီး၏ ဆုံချက်ဖြစ်သည့် ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ်၊ စီဘိန်းကျေးရွာဖြစ်ပြီး ဆက်ကြေးကောက်သည့်ဂိတ်ကို မဘိမ်းမြို့နယ်၊ စီဘိန်းရွာတွင် ဖွင့်ထားကြောင်း သိရသည်။

ပုံစာ။ NUG လက်အောက်ခံ PDF များ သိန်းဆယ်ချီကောက်ခံထား ဆက်ကြေးများ။

Leave a Reply

Your email address will not be published. Required fields are marked *