November 1, 2024

၂၆.၅.၂၀၂၄
Translated by Htwe Ko Tun

အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်အတွင်းရှိ ရတ်ဂျ်ကော့မြို့တွင် ကလေးများအတွက် အပျော်ကစားနိုင်သော လိပ်ခုံးပုံအမိုးရှိ ဥယျာဉ်ဇုံတစ်ခုအတွင်း မေလ ၂၅ ရက် ညနေပိုင်းက မီး လောင်ရာမှ နှစ်ထပ်အဆောက် အအုံအမိုးမှာလည်းပြိုကျကာ လူအများအပြားအပျက်အစီးများအောက် ပိတ်မိပြီး ကလေးငယ် ၄ ဦးအပါအဝင် လူ ၂၇ ဦးသေဆုံးခဲ့ရကြောင်း သိရသည်။

မျက်မြင်တွေ့ရှိသူများကလည်း မီးက ဥယျာဉ်ဇုံတစ်ခုလုံးကို ဝါးမျိုလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ပူပြင်းသောရက်သတ္တပတ်အဆုံး နွေရာသီအားလပ်ရက်အတွင်း ထိုနေရာ၌ မိသားစုပေါင်းများစွာလည်း ရောက်ရှိနေချိန် မီးကလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ပြောခဲ့ကြသည်။

မီးသတ်သမားများက မီးလောင်ပြိုကျနေသော အဆောက်အအုံနယ်မြေအတွင်းရှင်းလင်းရာ မီးလောင်ခံထားရ၍ မဲတူးနေသော အလောင်းများကိုတွေ့ရှိခဲ့ကြရသည်။ အလောင်းအများစုက မီးလောင်ခံထားရပြီး မည်သူမည်ဝါခွဲခြားရန်ပင် ခက်ခဲလျက်ရှိကာ သေဆုံးသူဦးရေက မြင့်တက်လာနိုင်သေးကြောင်းလည်းသိရသည်။

မီးလောင်မှုဖြစ်ပွားခြင်းက ကလေးများအပျော်ကစားရာ ဥယျာဉ်ဇုံတစ်ခုလုံးသို့ ပျံ့နှံ့လောင်ကျွမ်းခဲ့ရာတွင် လိပ်ခုံးပုံအမိုးပြိုကျခဲ့ခြင်းဟုလည်း မီးသတ်တပ်ဖွဲ့ကပြောခဲ့သည်။ ထိုသို့ပြိုကျမှုကြောင့် မီးငြှိမ်းသတ်ရန် ပို၍ခက်ခဲကာ လေးနာရီကျော်ကြာ အချိန်ယူမီးငြှိမ်းသတ်ခဲ့ရကြောင်းလည်း သိရသည်။

တာဝန်ရှိသူတစ်ဦးက မီးလောင်ကျွမ်းရသည့်အကြောင်း ရင်းကိုမပြောနိုင်သေးကြောင်း မီးလောင်မှုကြောင့်အဆောက်အအုံလည်းပြိုကျခဲ့ရခြင်းဖြစ်ရာ အပျက်အစီးများကို ရှင်းလင်းနေရဆဲဖြစ်ကြောင်း ပြောခဲ့သည်။ အဆိုပါ ကလေးများအတွက် အပျော်ကစား ဥယျာဉ်ဇုံပိုင်ရှင်ဖြစ်သူကိုမူ ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း သိရသည်။

ဂူဂျာရတ်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဘူပန်ဒရာဘေ ပါတယ်လ်က မီးလောင်မှုတွင် သေဆုံးခဲ့ရ သူများ၏ မိသားစုများအား ပြည်နယ်အစိုးရက ရူပီးငွေ ၄၀၀,၀၀၀ နှင့် ဒဏ်ရာရသူများအတွက် ရူပီး ၅၀,၀၀၀ ထောက်ပံ့သွားမည်ဟုပြောခဲ့သည်။

Ref- Hindustan Times

Leave a Reply

Your email address will not be published. Required fields are marked *