November 1, 2024

၂၆.၅.၂၀၂၄
Written By Zun

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ပေါ်နေ ပြည်သူများ နေရာရွှေ့ပေးရန် တပ်မတော်နှင့် KIA-PDF ပူးပေါင်းအဖွဲ့တို့ အပြန်အလှန် ထုတ်ပြန်ထားကြကြောင်း ဒေသခံများက MT News သို့ ပြောပြချက်များအရ သိရသည်။

ယင်းကြောင့် လက်ရှိတွင် ဒေသခံများက တပ်မတော်နှင့် KIA-PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲ ပြင်းထန်လာမည်ကို စိုးရိမ်စိတ်ဖြစ်နေကြကြောင်းလည်း MT News က စုံစမ်း သိရှိရသည်။

“အခုလက်ရှိကဝိုင်းမော်မြို့ထဲမှာက သူတို့ရဲ့ထုတ်ပြန်ချက်ပေါ့။ ဒီနှစ်ဖက်စလုံးရဲ့ထုတ်ပြန်ချက်က ၂၇ ရက်နေ့နောက်ဆုံးထားပြီးဝိုင်းမော်မြို့က ပြည်သူတွေကိုရွှေ့ပေးပါ၊ ဖယ်ပေးပါဆိုပြီးတော့။ လက်ရှိမှာတော့ တိုက်ပွဲအနေအထားက မြို့ထဲမှာတော့တိုက်ပွဲမဖြစ်သေးဘူး။ ၂၇ ရက်နေ့နောက်ပိုင်းကိုတော့မပြောတတ်ဘူးပေါ့။ ဒီထုတ်ပြန်တာကတပ်ကရော၊ KIA-PDF ကရော”ဟု ဒေသခံတစ်ဦးက MT News ကို ပြောသည်။

လက်ရှိတွင် ဝိုင်းမော်မြို့နယ်ပတ်လည် ပြင်းထန်တိုက်ပွဲ ဖြစ်ပွားမှု မရှိသည်မှာ ၅ ရက်ခန့် ရှိပြီဖြစ်ကြောင်း၊ သို့သော်လည်း တပ်မတော်ဘက်က နယ်မြေလုံခြုံရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်နေသည်များရှိကြောင်းလည်း သိရသည်။

“တိုက်ပွဲမဖြစ်တာက(၅)ရက်လောက်ရှိပြီ။ နှစ်ဖက်အပြန်အ လှန်တိုက်ပွဲတော့မရှိဘူး။ ဒီ လာမယ့် ၂၇ ရက်နေ့မှာတော့ နှစ်ဖက်စလုံးက သဘောထားတင်းမာနေတဲ့အတွက် တိုက်ပွဲဖြစ်လာနိုင်တယ်လို့ သုံးသပ်နေကြတယ်။ ဒါကြောင့်မို့လို့ အဲ့ဒီဒေသမှာရှိတဲ့ စစ်ဘေးရှောင်တွေက အရေအတွက်ထပ်တိုးလာနိုင်တယ်။ ဝိုင်းမော်မြို့မှာနေထိုင်တဲ့သူတွေကလည်းစစ်ဘေးရှောင်လာနိုင်ပါတယ်”ဟု စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးလုပ်ကိုင်နေသော ပရဟိတသမားတစ်ဦးက MT News ကို ပြောသည်။

ယခုအခါ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ နောင်ချိန်းကျေးရွာ တိုက်ပွဲရှောင်စခန်းတွင် သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ ဆေးဝါးအကူအညီ လိုအပ်နေကြောင်းလည်း သိရသည်။

ယင်းတို့မှာ ပြီးခဲ့သည့် မေလ ၁၈ ရက်မှ စတင်ပြီး တိုက်ပွဲရှောင်လာခဲ့ကြသူများ ဖြစ်ကြောင်း၊ နောင်ချိန်းတိုက်ပွဲ ရှောင်စခန်းတွင် သက်ကြီးရွယ်အို ၃၀၀ ခန့်နှင့် နို့စို့ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ အပါအဝင် လူဦးရေ ၁၄၀၀ ကျော် ရှိနေကြောင်း သိရသည်။

“သက်ကြီးရွယ်အိုတွေလည်းရှိတယ်။ကလေးငယ်တွေလည်းရှိတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေလည်းရှိတယ်။ သူတို့အတွက် ဆေးဝါး၊ စားနပ်ရိက္ခာကအစ အသင်းတစ်သင်းအနေနဲ့ပဲလုပ်နေရတာမို့ လိုအပ်ချက်တွေရှိတယ်။ အခုတော့လက်လှမ်းမီသလောက် အလှူလိုက်ခံနေရတာတွေရှိတယ်။အသက်(၇၀)ကျော်အရွယ် သက်ကြီးပိုင်းတွေ၊ လမ်းမလျှောက်နိုင်တဲ့ အဘိုး၊ အဘွားတွေ ဆီးချိုတို့ သွေးချိုတို့လေဖြတ်တို့ အဲ့လိုမျိုးဖြစ်နေတဲ့ အဘိုး၊ အဘွားတွေအများကြီးပဲ။ သူတို့အတွက် အားဆေးကိုအဓိကအားထားပြီးတော့အလှူခံချင်တယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ကြိုးစားနေတယ်။ အလှူခံရှာပြီးကျွန်တော်ကိုယ်တိုင်လည်း အလှူပြုပေးနေတယ်။ ကိုယ်ဝန်ဆောင် မိခင်အမျိုးသမီးတွေလည်းများစွာရှိတယ်”ဟု နောင်ချိန်းတိုက်ပွဲရှောင်စခန်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ မေလ ၂၇ ရက်နေ့တွင် ဝိုင်းမော်မြို့မှထွက်ခွာပေးရန် နှစ်ဖက်အသိပေးထားမှုများနှင့် ပတ်သက်၍ MT News သတင်းဌာနက ပြောရေးဆိုခွင့်ရှိသူများကို ဆက်လက်အတည်ပြုနေကာ ထပ်မံသိရှိရပါက ဖော်ပြပေးသွားမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *