November 1, 2024

၂၆. ၅. ၂၀၂၄
Written by Nyein Kyaw

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း၌ တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းယဉ်ကျေးမှု လက်ရာများ အမြောက်အမြားရှိသည့်အတွက် ကြည့်ရှု့လေ့လာသူများ၏ မဆင်မခြင်လုပ်ရပ်များနှင့် သဘာဝဘေးဒဏ်တို့ကြောင့် ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေ‌ရေး စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ရန် နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရှေးဟောင်းရေလှောင်ကန်များ ပြန်လည်ပြုပြင် ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှု့စစ်ဆေးစဉ် မှာကြားခဲ့သည်။

ထို့ကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း စိုက်ပျိုးမြေသုံးစွဲမှုအပါအဝင် အခြားမြေအသုံးချများ စနစ်တကျရှိစေရေး တာဝန်ရှိသူများအနေဖြင့် ကြပ်မတ်ဆောင်ရွက်သွားရန်လိုပြီး သတ်မှတ်ထားသည့် စည်းမျဉ်းဥပ‌ဒေများနှင့်အညီဖြစ်ရန်လိုကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းပြီး စိန်းလန်းစိုပြေသာယာလှပမည်ဆိုပါက ခရီးသွားဧည့်သည်များ ပိုမိုများပြားလာမည်ဖြစ်ကာ ဒေသ၏လူမှုစီးပွားဘဝများသည်လည်း ပိုမိုတိုးတက်ဖွံ့ဖြိုးလာနိုင်မည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ထို့အတူ ကျန်စစ်သားမင်းကြီး တည်ဆောက်ခဲ့သည့် မြကန်ရေလှောင်တမံ၊ ဖျောက်ဆိပ်ပင်ကန်အမှတ် (၁/၂/၃)၊ ဇေယျဝတီ(ဇေယျဝရီ)ကန်၊ မင်္ဂလာကန်အမှတ် (၃)၊ ရွာဟောင်းကန်နှင့် ရေတော်မုနိကန်များ ပြုပြင်ထိန်းသိမ်းမှုများကိုလည်း SAC ဥက္ကဋ္ဌက သွားရောက် ကြည့်ရှု့စစ်ဆေးခဲ့ပြီး ရေစီးရေလာကောင်းမွန်စေရေးနှင့် ‌ရေဝင်ရေထွက် ကောင်းမွန်စေရေးတို့အတွက် အဓိကဆောင်ရွက်ရန် မှာကြားခဲ့သည်။

ပုဂံကမ္ဘာ့အမွေအနှစ်‌ဒေသရှိ ရှေးဟောင်းရေကန်များအား ပြန်လည်ထူးဖော်ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများကို နိုင်ငံတော်အစိုးရမှ စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ထာဝရကုသိုလ်ဖြစ်သည့် ရေကန်များ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် ပါဝင်လှူဒါန်းလိုသူ စေတနာရှင်ပြည်သူများအနေဖြင့်လည်း ပါဝင်လှူဒါန်းနိုင်ရေး နေ့စဉ်ထုတ်သတင်းစာများ၌လည်း နှိုးဆောင်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *