MT News
၂၆. ၅. ၂၀၂၄
ယနေ့မြန်မာစံတော်ချိန် ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “ရီမယ်(လ်)” (REMAL)သည် မြောက်ယွန်းယွန်းသို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းသို့ ရောက်ရှိခဲ့ကာ မြန်မာနိုင်ငံ၊ သံတွဲမြို့၏ အနောက်- အနောက်မြောက်ဘက် ရေမိုင် ၂၈၅ မိုင် ခန့်၊ စစ်တွေမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၂၀၀ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့၏ တောင်- အနောက် တောင်ဘက် ရေမိုင် ၁၆၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၊ ဆာဂါကျွန်း၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၁၆၀ မိုင် ခန့်နှင့် ကန်နင်းမြို့၏ တောင်- အရှေ့တောင်ဘက် ရေမိုင် ၁၈၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး ဆိုင်ကလုန်းမုန်တိုင်း REMAL ၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင် အဆင့်ဟု သတ်မှတ်ထားသည်ဟု မိုးလေဝ သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ဆိုင်ကလုန်းမုန်တိုင်း REMAL သည် မြန်မာစံတော်ချိန် ၅ နာရီခွဲအချိန်တွင် မြောက်လတ္တီကျု ၁၉ ဒသမ ၄ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၈၉ ဒသမ ၄ ဒီဂရီတွင် ရှိပြီး၊ ဗဟိုချက်လေဖိအား ၉၈၅ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၅၀ နှုန်းခန့် ဖြစ်သည်။ နောက် ၃၆ နာရီအတွင်းခန့်မှန်းချက်များအရအဆိုပါ ဆိုင်ကလုန်းမုန်တိုင်း REMAL သည် မြောက် ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ နောက် ၆ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အားကောင်းသောဆိုင်ကလုန်း မုန်တိုင်း(Severe Cyclonic Storm) အဖြစ်သို့ ရောက်ရှိနိုင်ကာ ယနေ့ညပိုင်းတွင်မူ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေ ဆာဂါကျွန်းတို့အကြား၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မွန်ဂလမြို့အနီးမှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းထားသည်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း REMAL ၏ အရှိန်ကြောင့် ယနေ့နံနက်မှ မေလ ၂၇ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင် ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့နေရာများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်။ ထို့ပြင် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့်မှာ ၉ ပေမှ ၁၂ ပေခန့်ရှိနိုင်မည်ဖြစ်သည်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်ဖြစ်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် ၄၅ မိုင် မှ ၅၅ မိုင်အထိ တိုက်ခတ်နိုင်ကာ လှိုင်း အမြင့်မှာ ၁၃ ပေမှ ၁၆ ပေခန့် ရှိနိုင်မည်ဖြစ်သည်။
သို့ဖြစ်ပါ၍ ဆိုင်ကလုန်းမုန်တိုင်း REMAL ၏ အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများ မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများ ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ရန်၊ ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးထားသည်။