October 18, 2024

ပုံစာ- အာရှလမ်းမကြီးပိတ်ပြီးနောက် ၂၀၂၄ ဇန်နဝါရီလမှ ဧပြီလအတွင်း ထိုထော်ကိုးတောလမ်းကို သုံးပြုနေရမှုကို တွေ့ရစဉ်

၂၅. ၅. ၂၀၂၄
Written by Ye Kyaw

မုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းမှုနှင့် မြေသားလမ်းချော်မှုများကြောင့် မြေသားတောင်တက်လမ်းကို အသုံးပြုနေရသည့် မြဝတီနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း၌ ကုန်ကားများခေတ္တရပ်နားထားကြောင်း မြဝတီနယ်စပ်ရှိ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များထံမှ သိရသည်။

“လမ်းကြောင်းက အရမ်းမကောင်းတော့ လမ်းချော်တဲ့အတွက်ကြောင့် တက်တာ၊ ဆင်းတာတွေက တော်တော်ခက်နေတယ်။ ကုန်ပစ္စည်းနဲ့ဆိုတော့ မတက်နိုင်တာတို့ ဘာတို့ဖြစ်တာပေါ့။ အဆင်းကလည်း တော်တော်ချော်နေတော့ တောင်ပေါ်လမ်းမှာပဲ သုံးရက်လောက်ကြာတယ်။ ကုန်စည်စီးဆင်းမှုက ရပ်သလောက်ကိုဖြစ်နေတာ။ ဆင်းဖို့ကို ကုန်တွေနဲ့ဆို မလွှတ်ရဲဘူးဖြစ်နေတာ။ အခုက လွန်ခဲ့တဲ့ သုံးရက်လောက်ကတည်းက မိုးစရွာကတည်းက လွှတ်တဲ့ကားတွေက တောင်ပေါ်လမ်းမှာ ပိတ်နေတာ။ ဘီးလင်းဘက်ဆိုလည်း တံတားကျိုးနေတော့ လမ်းပိတ်နေတယ်။ အရင်လွှတ်ထားပြီးသား ကားလောက်ပဲ သွားတာ။ အသစ်တက်မယ့်ကားတွေ ရပ်နားထားတယ်” ဟု မြဝတီမြို့ရှိ သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

မေလ ၂၄ ရက် မွန်းတည့်ချိန်မှစ၍ လေဖိအားနည်းရပ်ဝန်းမှ မုန်တိုင်းငယ်ဖြစ်လာမည်ဖြစ်၍ လာမည့် မေလ ၂၇ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် ၁၁ ခုတို့တွင် အားကောင်းသည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ထို့ကြောင့် ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူများ မြေပြိုမှုအန္တရာယ်သတိထားရန်၊ မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်ကြသူများက ရေကြီး၊ ရေလျှံမှုများကို ကြိုတင် သတိပြုနိုင်ရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် အသိပေးထားသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် ကော့ကရိတ်မြို့ နေရာ ၈ ခုကို KNU၊ PDF များက ဝင်ရောက်တိုက်ခိုက်၍ တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ထိုင်း-မြန်မာ အဓိကနယ်စပ်ကုန်သွယ်ရေး မြဝတီ-ကော့ကရိတ် (အာရှလမ်းမကြီး) ကုန်သွယ်ရေးလမ်း ကြောင်း ဖြတ်တောက်ခဲ့ပြီး လက်ရှိတွင် မြေသားလမ်းလမ်းဖြစ်သည့် တောလမ်းတာင်တက်လမ်းကိုသာ အသုံးပြုနေရခြင်းဖြစ်သည်။

ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းတို့ဖြစ်ပေါ်နိုင်သည့် အခြေအနေတွင်ပါဝင်သည့် ကရင်ပြည်နယ်၏အဓိကကုန်သွယ် ရေးလမ်းကြောင်းသည် မြေသားတောင်တက်လမ်းများကို အသုံးပြုနေရ၍ မြေပြိုမှုနှင့် လမ်းချော်မှုအန္တရာယ် ဖြစ်ပေါ်လာနိုင်ခြေများသည့် အခြေအနေဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *