MT News
၂၅. ၅. ၂၀၂၄
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၄၀(င)နှင့် ပုဒ်မ ၆၂ တို့အရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပြည်တွင်းသုံးငွေကို တစ်ဦးတည်းထုတ်ဝေသူနှင့် စီမံခန့်ခွဲသူဖြစ်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၁၅-၅-၂၀၂၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၉/၂ဝ၂ဝ)ဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က Digital ငွေကြေးများဖြစ်သော Cryptocurrency: Bitcoin(BTC)। Litecoin (LTC) Ethereum (ETH) & Perfect Money (PM) : တရားဝင်ငွေကြေးအဖြစ် သတ်မှတ်ထားခြင်းမရှိသကဲ့သို့ ယင်းကို ရောင်း/ဝယ်လဲလှယ်ခြင်းများဆောင်ရွက်ရန် ငွေရေးကြေးရေးအဖွဲ့အစည်းများသို့ ခွင့်ပြုထားခြင်းမရှိကြောင်းနှင့် Digital ငွေကြေးများအား Personal Facebook Account များနှင့် Web Page များအသုံးပြု၍ ရောင်း/ဝယ်ခြင်း၊ လဲလှယ်ခြင်းများ မပြုလုပ်ရန် ထုတ်ပြန်ထားပြီးဖြစ်သည်။
ယခုအခါ နိုင်ငံတော်အတွင်း USDT အပါအဝင် တရားမဝင် Digital ငွေကြေးများကို ရောင်း/ဝယ် လဲလှယ်ခြင်းများ၊ USDT အသုံးပြု၍ ဟွန်ဒီလုပ်ငန်းများ ဆောင်ရွက်နေကြောင်း တွေ့ရှိရပြီး ယင်းသို့ဆောင်ရွက်သူများကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေတို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ငွေစာရင်းများ ပိတ်သိမ်းခြင်း၊ တရားစွဲအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် အထက်အပိုဒ် (၂)ပါ တားမြစ်ချက်များကို ပါဝင်ဆောင်ရွက်ခြင်းမပြုလုပ်ရန်နှင့် ဖောက် ဖျက်ကျူးလွန်ကြောင်းတွေ့ရှိပါက ငွေစာရင်းများ ပိတ်သိမ်းခြင်းအပြင် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရလည်း ကောင်း၊ ငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေအရလည်းကောင်း ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခံရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေးကြေညာထားသည်။