October 18, 2024

၂၄. ၅. ၂၀၂၄
Written by Nyein Kyaw

ကမ္ဘာ့အပူဆုံးမြို့များစာရင်းတွင် ပါဝင်ခဲ့သည့် မကွေးတိုင်းဒေသကြီးအတွင်း အပူရှိန်လျှော့ချရေးနှင့် ရာသီဥတုကောင်းမွန်စေ‌ရေးအတွက် ကျေးရွာတစ်ရွာလျှင် သစ်တောသစ်ပင် ၂ ဧကစီ စိုက်ပျိုးရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံစဉ် တိုက်တွန်းပြောကြားခဲ့သည်။

မကွေးတိုင်းဒေသကြီးသည် အပူပိုင်းဇုန်၌ပါဝင်ပြီး ယခုနှစ်တွင် ရာသီဥတုသည် သိသိသာသာ ပိုမိုပူပြင်းလာသည်ကို တွေ့ရကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ အချို့မြို့နယ်များသည် ကမ္ဘာ့အပူဆုံးမြို့များ စာရင်းအတွင်း၌ ပါဝင်သည်ကို တွေ့ရကြောင်း၊ အပူရှိန်လျှော့ချရေးနှင့် ရာသီဥတုကောင်းမွန်စေရေးအတွက် ဆောင်ရွက်ရန်မှာ သစ်ပင်စိုက်ပျိုးခြင်းပင်ဖြစ်ပြီး ကျေးရွာတစ်ရွာချင်းစီအလိုက် သစ်တောသစ်ပင် အနည်းဆုံး ၂ ဧက စိုက်ပျိုးခြင်းများကို ဆောင်ရွက်နိုင်ရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

အိမ်ဝန်း၊ လမ်းဘေးများတွင်လည်း စိုက်ရန်လိုကြောင်း၊ မြို့၊ ရွာများအလိုက် သစ်တောသစ်ပင် စိုက်ပျိုးရန် မြေနေရာများကို စိစစ်ဖော်ထုတ်ရန်လိုကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာန တစ်ခုတည်းသာမက အခြားဝန်ကြီးဌာနများနှင့် ဒေသခံပြည်သူတို့အားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှသာလျှင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးနှင့် အပူဒဏ်လျှော့ချရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

၂၀၂၄ ခုနှစ် ဧပြီနှင့်မေလအတွင်း ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့အပူချိန်အမြင့်ဆုံး ၁၅ မြို့စာရင်း၌ မြန်မာနိုင်ငံမှ မ‌ကွေးတိုင်းဒေသကြီးအတွင်းရှိ ချောက်မြို့၊ မကွေးမြို့၊ မင်းဘူးတို့ပါဝင်ခဲ့ပြီး မန္တ‌လေးတိုင်းဒေသကြီးအတွင်းရှိ ညောင်ဦးမြို့တို့ ပါဝင်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *