October 18, 2024

၂၄. ၅. ၂၀၂၄
Written by Nyein Kyaw

အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းကြောင့် ယနေ့မှစ၍ မေလ ၂၇ ရက်အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၁ ခုတွင် ရုတ်တရက်ရေကြီးရေလျှံမှုနှင့် မြေပြိုမှု အန္တရာယ်များ ဖြစ်ပေါ်လာနိုင်သည့်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ မိုခါမုန်တိုင်းနည်းတူ ကြိုတင်ပြင်ဆင်ထားရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယနေ့တွင် ပြုလုပ်သည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေး (၁/၂၀၂၄) တွင် သတိပေး ပြောကြားခဲ့သည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ကြိုတင်ခန့်မှန်းလျက် အဝါရောင်အဆင့် သတ်မှတ်ထုတ်ပြန်ထားသည့် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းမှ အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲလျက် မေလ ၂၆ ရက် ပတ်ဝန်းကျင်တွင် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဝင်ရောက်နိုင်မှု၊ မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းအပါအဝင် ကမ်းရိုးတမ်းဒေသကြောင့် မုန်တိုင်းအန္တရာယ် သတိပေးချက်များလည်းရှိနေကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။

သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေကြီးအစိုးရအဖွဲ့များကလည်း ကြိုတင်သတိပေးမှု၊ လိုအပ်သည့် ပြင်ဆင်မှုအချို့နှင့် ဇာတ်တိုက်လေ့ကျင့်မှုတို့ကိုလည်း မိုခါမုန်တိုင်းနည်းတူ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မုန်တိုင်းဝင်ရောက်မှုမရှိသော်လည်း မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းကြီးနိုင်ခြင်း၊ ကမ်းရိုးတမ်းဒေသတစ်လျှောက် မိုးကြီးခြင်း၊ လေပြင်းကျရောက်ခြင်းနှင့် နောက်ဆက်တွဲ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပေါ်လာနိုင်သည်ကိုလည်း ကြိုတင်သုံးသပ်လျက်ပြင်ဆင်ခြင်း၊ ဒေသခံများအား စဉ်ဆက်မပြတ် သတိပေးခြင်း ပြုလုပ်ရန် လိုအပ်ကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။

မေလ ၂၅ ရက် (မနက်ဖြန်)တွင် ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာမည့် လေဖိအားနည်းရပ်ဝန်းက အချိန်နှင့်အမျှ ပြောင်းလဲနေပြီး ယနေ့မွန်းတည့်ချိန်တွင် လေဖိအားနည်းရပ်ဝန်းမှ မုန်တိုင်းငယ်ဖြစ်လာမည်ဖြစ်၍ မေလ ၂၄ (ယနေ့)မှ မေလ ၂၇ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် ၁၁ ခုတို့တွင် နေရာစိပ်စိပ်မှ နေရာအနှံအပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်းကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ထို့ပြင် အဆိုပါ အားကောင်းသည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေး အန္တရာယ်များ ဖြစ်ပေါ်နိုင်ခြင်းကြောင့် ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူတွေက မြေပြိုမှုအန္တရာယ်သတိထားရန်၊ မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်ကြသူများက ရေကြီး၊ ရေလျှံမှုများကို ကြိုတင် သတိပြုနိုင်ရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် အသိပေးထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *