၂၃.၅.၂၀၂၄
Written by KL
ရှမ်းပြည်နယ်(တောင်ပိုင်း) အောင်ပန်းမြို့နယ်၊ အောင်ပန်း- ပင်းတယသွား ကားလမ်း လွယ်မခံဂိတ်အကျော် အကွေ့တွင် မေလ ၂၃ ရက် နံနက် ၁၁ နာရီခန့်က မြေးအဘွား ၂ ဦးစီးလာသော ဆိုင်ကယ်ကို ကားဝင်တိုက်ရာမှ အဘွားဖြစ်သူ သေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူများထံမှ သိရသည်။
ဖြစ်စဥ်မှာ မြို့ဟောင်းရပ်ကွက်တွင်နေထိုင်သော မြေးအဘွား ၂ ဦး တောင်ယာခြံမှ ဆိုင်ကယ်နှင့်ပြန်လာစဥ် လမ်းခုလတ်၌ Hijet ယာဥ်က ဝင်တိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ကားဝင်တိုက်လို့ ဆိုင်ကယ်လည်း ဂွေတွေပါ လိမ်ခွေသွားတာ။ အဘွားကို အောင်ပန်းဆေးရုံအရင်တင်တာ။ စိုးရိမ်ရလို့ တောင်ကြီး စဝ်စံထွန်းဆေးရုံပို့ကုနေရင်းက ဆုံးသွားတာ”ဟု ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူတစ်ဦးက ပြောသည်။
ဆိုင်ကယ်စီးလာသည့် အသက် ၆၂နှစ်အရွယ် အဘွားတွင် ညာဘက်ခြေထောက်ကျိုးဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ ချိုင့်ဝင် ဒဏ်ရာများရရှိခဲ့ပြီး မြေးဖြစ်သူ အသက် ၂၅ နှစ်အရွယ် မိန်းကလေးတွင် ဘယ်ဘက်ခြေထောက်နှင့် ဘယ်ဘက်လက်ကျိုးဒဏ်ရာ၊ ဦးခေါင်းထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း အောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရသည်။