၂၄.၅.၂၀၂၄
Written By Zun
ရန်ကုန်တိုင်းဒေသကြီး၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့သည့် အမွေဆိုင် ခြံအမှတ် (၅၄) လေလံဈေးနှုန်းကို ပြန်လည် ပြင်ဆင်ရန် တင်ပြထားသောကြောင့် လာမည့်တစ်ပတ် တရားရုံးချိန်းတွင် အတည်ပြုမပြု ဆုံးဖြတ်မည်ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက စုံစမ်းသိရသည်။
ပြင်ဆင်မည့်လေလံဈေးနှုန်းမှာ ယခင် သတ်မှတ်ထားသည့် ကျပ်ငွေ ၃၁၅ ဘီလျံ အစား ကျပ်၂၈၅ ဘီလျံသို့ ပြောင်းလဲ ပြင်ဆင်ကာ တင်ပြထားခြင်းဖြစ်ပြီး လေလံဈေးနှုန်းပြင်ဆင်ရန် ဦးအောင်ဆန်းဦး၏ ရှေ့နေများက ပြီးခဲ့သည့် မေလ ၁၆ ရက်တွင် တရားရုံးသို့ လျှောက်လဲချက် တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
“၂၈၅ ဘီလျံ မှန်ပါတယ်။ တရားရုံးကို တင်ထားတာ။ တစ်ဖက်က ဘာပြောမလဲ မသိဘူ။ အဲဒါကို စောင့်ရမှာ။ ဒေါ်အောင်ဆန်းစုကြည်ဘက်က ရှေ့နေတွေက ကန့်ကွက်မလား။ ဘာလား ညာလား၊ တစ်ခုခုပေါ့။ ကန့်ကွက်ရင်လည်း ကန့်ကွက်တယ်။ မကန့်ကွက်ရင်လည်း မကန့်ကွက်ဘူးပေါ့။ အဲလိုမျိုးပေါ့။ ရုံးချိန်းက နောက်တစ်ပတ်ထဲမှာ ရှိတယ်။ အဲ့တော့မှ သိရမယ်။ အကုန်လုံးအတည်ပြုပြီးမှ လေလံပြန်တင်ပေါ့။ အဲဒီလိုပါ”ဟု ဦးအောင်ဆန်းဦး၏ ရှေ့နေနှင့် နီးစပ်သူတစ်ဦးက MT News ကို ပြောသည်။
အဆိုပါ တင်ပြချက်နှင့်ပတ်သက်၍ ယခင် တရားရုံးသတ်မှတ်ထားသည့် နှုန်းထက် တိုးမည်၊ မတိုးမည်ကို မသိရသေးကြောင်း၊ နှစ်ဖက် တင်ပြချက်များ ပြီးစီးမှသာ အတည်ပြုမည် ဖြစ်ကြောင်းလည်း သိရသည်။
“၂၈၅ ဘီလျံ ဆိုတာ ဟုတ်တယ်။ ဈေးချလိုက်တာ မဟုတ်ဘူး။ ဟိုဘက်က ပြောင်းလဲ တင်ပြခဲ့တာပေါ့။ ဒီဘက်ကလည်း ပြန်တင်တာတွေ လုပ်ရဦးမှာ။ နှစ်ဖက်တင်ပြပြီးတော့မှ တရားရုံးက ဆုံးဖြတ်မှာ”ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေနှင့် နီးစပ်သူတစ်ဦးက MT News ကို ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့သည့် အမွေဆိုင် ခြံအမှတ် ၅၄ ကို လေလံတင် ထုခွဲရောင်းချရန် ကမာရွတ်ခရိုင်တရားရုံးက ဇန်နဝါရီလ ၂၅ ရက်တွင် အဆိုပါနေအိမ်ကို အမိန့်ချမှတ်ခဲ့ပြီးနောက် မတ်လ ၂၀ ရက်က လူမြင်ကွင်းခြံရှေ့ ပထမအကြိမ်လေလံပစ်ခဲ့ရာ ဝယ်ယူသူ မရှိခဲ့ပေ။
အဆိုပါခြံကို အများစုက ခြံအမှတ် ၅၄ ဟု ခေါ်သော်လည်း ခြံအမှတ်မှာ (၅၄/၅၆) ဖြစ်ပြီး ၁ ဒသမ ၉၂၃ ဧကကျယ်ဝန်းကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည် အမည်ပေါက်ပိုင်ဆိုင်သောခြံဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်တွင် ဦးအောင်ဆန်းဦးကရောင်းချအမွေခွဲရန် အထူးအယူခံတက်၍ တောင်းဆိုခဲ့စဉ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။