၂၄. ၅. ၂၀၂၄
Written by Thettant
မိမိတို့နိုင်ငံရှိ အထူးစီးပွားရေးဇုန် ၃ ခုအနက် သီလဝါအထူးစီးပွားရေးဇုန်မှာ အောင်မြင်မှုရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂ ဘီလျံကျော်ခန့်ရှိသည်ဆိုသော်လည်း အိမ်နီးချင်းနိုင်ငံများ၊ အရှေ့တောင်အာရှနိုင်ငံများ၊ အာရှနိုင်ငံများနှင့်နှိုင်းယှဉ်ပါက ရင်းနှီးမြှုပ်နှံမှုပမာဏနည်းနေသေး၍ ရောက်ရှိသည့် အခြေအနေအပေါ် ကျေနပ်မနေဘဲ ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက်အောင် နည်းလမ်းပေါင်းစုံဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်ကြရမည်ဖြစ်သကဲ့သို့ ရှိပြီး ရင်းနှီးမြှုပ်နှံမှုများကို မဆုံးရှုံးအောင်လည်း မိမိတို့ဝန်ထမ်းများ၏ လုပ်ပိုင်ခွင့်အပေါ် အာဏာအလွဲသုံးမှု၊ တရားမဝင်ကုန်သွယ်မှု၊ ငွေကြေးအလွဲသုံးမှုနှင့် စီမံခန့်ခွဲမှုချို့ယွင်းအားနည်းမှုတို့ မဖြစ်ပေါ်စေရေး တာဝန်ရှိသူအဆင့်ဆင့်မှ မျက်ခြေမပြတ် ကြပ်မတ်စီမံဆောင်ရွက်နေကြရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပထမအကြိမ်အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားသည်။
ထို့အတူ သီလဝါအထူးစီးပွားရေးဇုန်မှ လိုအပ်သည့် ကုန်ကြမ်းများကို နိုင်ငံခြားမှ တင်သွင်းမှုများရှိပြီး ယင်းကိစ္စနှင့် ပတ်သက်၍ ကုမ္ပဏီများနှင့် ညှိနှိုင်းဆောင်ရွက်ပေးနေသည်ကို တွေ့ရ၍ အခက်အခဲသတ်မှတ်ချက် အနည်းဆုံးဖြစ်အောင် ဆက်လက်စီမံဆောင်ရွက်ပေးကြရန်လိုကြောင်းနှင့် သီလဝါအထူးစီးပွားရေးဇုန်မှ လိုအပ်သည့် ကုန်ကြမ်းများကို မိမိတို့နိုင်ငံတွင်ရှိနေသည့် MSME လုပ်ငန်းများမှ ပြည်တွင်း အရည်အသွေးမြင့် ကုန်ကြမ်းများ မှာယူနိုင်သည့် အဆင့်အထိ ရည်မှန်းချက်ထား ဆောင်ရွက်ရန်လိုအပ်သလို တစ်ဖက်ကလည်း အထူးစီးပွားရေးဇုန်တွင်ရှိနေသည့် စီမံခန့်ခွဲမှုကော်မတီများက ညှိနှိုင်းစီမံဆောင်ရွက်ပေးရန်လိုကြောင်း SAC ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။
သီလဝါအထူးစီးပွားရေးဇုန်အနေဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း အကောက်ခွန်ရရှိမှုမှာ ငွေကျပ် ၃၆၁ ဒသမ ၉၉၀ သန်းကျော်၊ ကုန်သွယ်လုပ်ငန်းခွန် ဝင်ငွေမှာ ငွေကျပ် ၄ ဒသမ ၆ ဘီလျံ၊ ကြိုတင်ဝင်ငွေခွန် ကျပ် ၇၆၀ ဒသမ ၆၈၀ သန်း ရှိသည်ကို တင်ပြလာသည့် စာရင်းများအရ သိရှိရကြောင်းနှင့် မတ်လအတွင်း ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၃၄၉ သန်းဖြစ်ပြီး သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၅၂ ဒသမ၂၇၈ သန်း ဖြစ်၍ ပို့ကုန်တန်ဖိုးနှင့် သွင်းကုန်တန်ဖိုး ကွာခြားချက်များအား လျော့ချနိုင်ရေးအတွက် Promotion Zone တွင်ရှိသည့် ကုမ္ပဏီများကို ပြည်ပသို့ ကုန်ပစ္စည်းတင်ပို့မှုများ ပိုမိုဆောင်ရွက်နိုင်စေရန် သက်ဆိုင်ရာလုပ်ငန်းအဖွဲ့များနှင့် စီမံခန့်ခွဲမှုကော်မတီက ဆောင်ရွက်ပေးကြရန်လည်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တိုက်တွန်းပြောကြားသည်။
အထက်ပါအချက်များအပြင် သီလဝါအထူးစီးပွားရေးဇုန်တွင်ရှိသည့် ကုမ္ပဏီများအနေဖြင့် ၎င်းတို့ကိုယ်ပိုင် Solar စနစ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်သုံးစွဲမှုနှင့် ပတ်သက်၍ အားပေးရန်လိုအပ်ကြောင်းနှင့် ဇုန်များတွင် Solar စနစ်ဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ပါက အခြားလိုအပ်သည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် လျှပ်စစ်ဓာတ်အားကို ယခုထက် ပို၍ အချိန်တိုးမြှင့်ဖြန့်ဖြူးပေးနိုင်မည် ဖြစ်ကြောင်းလည်း SAC ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။